Myanmar Standard Bible

ရှင်​လု​ကာ​ခ​ရစ်​ဝင် 8:19-29 Myanmar Standard Bible (MSB)

19. ထို​အ​ခါ ကိုယ်​တော်​၏​မယ်​တော်​နှင့်​ညီ​တော်​တို့​သည် အ​ထံ​တော်​သို့​လာ​ကြ​၏။ သို့​သော် လူ​အ​စု​အ​ဝေး​တို့​ကြောင့် ကိုယ်​တော်​အ​နား​သို့​မ​ရောက်​နိုင်​ကြ​သ​ဖြင့်

20. လူ​တို့​က “ကိုယ်​တော်​၏​မယ်​တော်​နှင့်​ညီ​တော်​တို့​သည် ကိုယ်​တော်​ကို​တွေ့​လို​၍ အ​ပြင်​၌​ရပ်​နေ​ကြ​ပါ​သည်”​ဟု လျှောက်​ကြ​၏။

21. သို့​သော် ကိုယ်​တော်​က “ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တ​ရား​ကို​ကြား​၍ ကျင့်​သုံး​သော​သူ​တို့​သည် ငါ့​အ​မိ​နှင့် ငါ့​ညီ​များ​ဖြစ်​ကြ​၏”​ဟု မိန့်​တော်​မူ​၏။

22. တစ်​နေ့​သ​၌ ကိုယ်​တော်​သည် တ​ပည့်​တော်​တို့​နှင့်​အ​တူ လှေ​ပေါ်​သို့​တက်​ပြီး​လျှင် “အိုင်​တစ်​ဖက်​ကမ်း​သို့​ကူး​ကြ​စို့”​ဟု မိန့်​တော်​မူ​သ​ဖြင့် သူ​တို့​သည် ရွက်​လွှင့်​သွား​ကြ​၏။

23. သူ​တို့​ရွက်​လွှင့်​နေ​စဉ် ကိုယ်​တော်​သည် အိပ်​စက်​တော်​မူ​၏။ ထို​အ​ခါ အိုင်​ပေါ်​တွင် လေ​မုန်​တိုင်း​ကျ​လာ​သ​ဖြင့် လှေ​သည် ရေ​နှင့်​ပြည့်​လု​နီး​ပါး​ဖြစ်​၍ သူ​တို့​သည် အန္တ​ရာယ်​နှင့်​ရင်​ဆိုင်​ရ​ကြ​၏။

24. တ​ပည့်​တော်​တို့​သည်​ချဉ်း​ကပ်​၍ ကိုယ်​တော်​ကို​နှိုး​လျက် “သ​ခင်၊ သ​ခင်၊ အ​ကျွန်ုပ်​တို့​သေ​ရ​ပါ​တော့​မည်”​ဟု လျှောက်​ကြ​၏။ ကိုယ်​တော်​သည်​ထ​၍ လေ​နှင့်​လှိုင်း​တံ​ပိုး​တို့​ကို​ဆုံး​မ​တော်​မူ​ရာ ၎င်း​တို့​သည်​ရပ်​တန့်​ကြ​ပြီး ငြိမ်​သက်​သာ​ယာ​သွား​လေ​၏။

25. ထို့​နောက် ကိုယ်​တော်​က “သင်​တို့​၏​ယုံ​ကြည်​ခြင်း​အ​ဘယ်​မှာ​ရှိ​သ​နည်း”​ဟု မေး​တော်​မူ​၏။ တ​ပည့်​တော်​တို့​သည်​ကြောက်​ရွံ့​အံ့​သြ​လျက် “ဤ​သူ​ကား မည်​သူ​ဖြစ်​သ​နည်း။ လေ​နှင့်​ရေ​တို့​ကို​ပင် အ​မိန့်​ပေး​သော​အ​ခါ ၎င်း​တို့​သည် သူ့​ကို​နာ​ခံ​ကြ​ပါ​သည်​တ​ကား”​ဟု အ​ချင်း​ချင်း​ပြော​ဆို​ကြ​၏။

26. ထို့​နောက် သူ​တို့​သည် ဂါ​လိ​လဲ​နယ်​တစ်​ဖက်​ကမ်း​ရှိ ဂါ​ရ​စ​နယ်​သို့ ဆက်​၍​ရွက်​လွှင့်​ကြ​၏။

27. ကိုယ်​တော်​သည် ကမ်း​ပေါ်​သို့​တက်​တော်​မူ​သော​အ​ခါ နတ်​ဆိုး​များ​ပူး​သ​ဖြင့် ကာ​လ​အ​တန်​ကြာ အ​ဝတ်​မ​ဝတ်၊ အိမ်​၌​လည်း​မ​နေ​ဘဲ သင်္ချိုင်း​၌​နေ​တတ်​သော ထို​မြို့​မှ​လူ​တစ်​ဦး​သည် ကိုယ်​တော်​ကို​ဆီး​ကြို​လေ​၏။

28. သူ​သည် ယေ​ရှု​ကို​မြင်​လျှင် အော်​ဟစ်​လျက် ရှေ့​တော်​၌​ပျပ်​ဝပ်​ကာ “အ​မြင့်​ဆုံး​သော​ဘု​ရား​သ​ခင်​၏​သား​တော်​ယေ​ရှု၊ ကိုယ်​တော်​နှင့်​အ​ကျွန်ုပ် မည်​သို့​ဆိုင်​သ​နည်း။ အ​ကျွန်ုပ်​ကို​မ​ညှဉ်း​ဆဲ​ပါ​ရန် ကိုယ်​တော်​ကို အ​ကျွန်ုပ်​တောင်း​ပန်​ပါ​၏”​ဟု ကျယ်​လောင်​သော​အ​သံ​ဖြင့် လျှောက်​ထား​လေ​၏။

29. ထို​သို့​လျှောက်​ထား​ခြင်း​မှာ ကိုယ်​တော်​သည် ညစ်​ညူး​သော​နတ်​အား ထို​သူ​အ​ထဲ​မှ​ထွက်​သွား​ရန် အ​မိန့်​ပေး​တော်​မူ​သော​ကြောင့်​ဖြစ်​၏။ ထို​နတ်​သည် သူ့​ကို​ကြိမ်​ဖန်​များ​စွာ​ပူး​ဝင်​သ​ဖြင့် သူ့​ကို သံ​ကြိုး​နှင့်​ခြေ​ချင်း​တို့​ဖြင့် ချုည်​နှောင်​ဖမ်း​ချုပ်​လျက် စောင့်​ကြပ်​ထား​သော်​လည်း သူ​သည် ထို​အ​ရာ​များ​ကို​ချိုး​ဖြတ်​ကာ တော​ကန္တာ​ရ​သို့ နတ်​ဆိုး​၏​နှင်​ခြင်း​ကို​ခံ​ရ​၏။