14. ဆူးပင်တို့တွင်ကျသည်ဆိုသည်မှာ တရားစကားကိုကြားသော်လည်း သွားလာနေထိုင်စဉ် ဘဝအသက်တာနှင့်ဆိုင်သောစိုးရိမ်ပူပန်ခြင်း၊ စည်းစိမ်ကြွယ်ဝခြင်းနှင့် ကာမဂုဏ်ခံစားခြင်းတို့ဖြင့် ကာဆီးပိတ်ဆို့ခံရသဖြင့် အသီးမအောင်သောသူတို့ကိုဆိုလို၏။
15. ကောင်းသောမြေ၌ကျသည်ဆိုသည်မှာ ကြည်လင်ကောင်းမြတ်သောစိတ်နှလုံးဖြင့် တရားစကားကိုကြား၍ ၎င်းကိုစွဲကိုင်ထားကာ သည်းခံသောအားဖြင့် အသီးသီးသောသူတို့ကိုဆိုလို၏။
16. ဆီမီးကိုထွန်း၍ အိုးဖြင့်ဖုံးအုပ်သောသူ သို့မဟုတ် ခုတင်အောက်တွင်ထားသောသူ မရှိ။ ဝင်လာသောသူတို့သည် အလင်းကိုမြင်စေရန် ဆီမီးခုံပေါ်၌သာ ထားတတ်ကြ၏။
17. အကြောင်းမူကား ကွယ်ဝှက်ထားသောအရာများတွင် မထင်ရှားလာမည့်အရာဟူ၍မရှိ။ ဖုံးကွယ်ထားသောအရာများတွင်လည်း ဖော်ပြခံရခြင်း သို့မဟုတ် သိသာထင်ရှားလာခြင်းမရှိဘဲနေမည့်အရာဟူ၍မရှိ။
18. သို့ဖြစ်၍ သင်တို့မည်ကဲ့သို့ကြားရသည်ကို သတိပြုကြလော့။ အကြောင်းမှာ ရှိသောသူအား ထပ်၍ပေးဦးမည်။ မရှိသောသူမူကား သူ၌ရှိသည်ဟု ထင်ရသောအရာပင် သူ့ထံမှ သိမ်းယူခြင်းခံရလိမ့်မည်”ဟု မိန့်တော်မူ၏။
19. ထိုအခါ ကိုယ်တော်၏မယ်တော်နှင့်ညီတော်တို့သည် အထံတော်သို့လာကြ၏။ သို့သော် လူအစုအဝေးတို့ကြောင့် ကိုယ်တော်အနားသို့မရောက်နိုင်ကြသဖြင့်
20. လူတို့က “ကိုယ်တော်၏မယ်တော်နှင့်ညီတော်တို့သည် ကိုယ်တော်ကိုတွေ့လို၍ အပြင်၌ရပ်နေကြပါသည်”ဟု လျှောက်ကြ၏။
21. သို့သော် ကိုယ်တော်က “ဘုရားသခင်၏နှုတ်ကပတ်တရားကိုကြား၍ ကျင့်သုံးသောသူတို့သည် ငါ့အမိနှင့် ငါ့ညီများဖြစ်ကြ၏”ဟု မိန့်တော်မူ၏။
22. တစ်နေ့သ၌ ကိုယ်တော်သည် တပည့်တော်တို့နှင့်အတူ လှေပေါ်သို့တက်ပြီးလျှင် “အိုင်တစ်ဖက်ကမ်းသို့ကူးကြစို့”ဟု မိန့်တော်မူသဖြင့် သူတို့သည် ရွက်လွှင့်သွားကြ၏။
23. သူတို့ရွက်လွှင့်နေစဉ် ကိုယ်တော်သည် အိပ်စက်တော်မူ၏။ ထိုအခါ အိုင်ပေါ်တွင် လေမုန်တိုင်းကျလာသဖြင့် လှေသည် ရေနှင့်ပြည့်လုနီးပါးဖြစ်၍ သူတို့သည် အန္တရာယ်နှင့်ရင်ဆိုင်ရကြ၏။
24. တပည့်တော်တို့သည်ချဉ်းကပ်၍ ကိုယ်တော်ကိုနှိုးလျက် “သခင်၊ သခင်၊ အကျွန်ုပ်တို့သေရပါတော့မည်”ဟု လျှောက်ကြ၏။ ကိုယ်တော်သည်ထ၍ လေနှင့်လှိုင်းတံပိုးတို့ကိုဆုံးမတော်မူရာ ၎င်းတို့သည်ရပ်တန့်ကြပြီး ငြိမ်သက်သာယာသွားလေ၏။
25. ထို့နောက် ကိုယ်တော်က “သင်တို့၏ယုံကြည်ခြင်းအဘယ်မှာရှိသနည်း”ဟု မေးတော်မူ၏။ တပည့်တော်တို့သည်ကြောက်ရွံ့အံ့သြလျက် “ဤသူကား မည်သူဖြစ်သနည်း။ လေနှင့်ရေတို့ကိုပင် အမိန့်ပေးသောအခါ ၎င်းတို့သည် သူ့ကိုနာခံကြပါသည်တကား”ဟု အချင်းချင်းပြောဆိုကြ၏။