Myanmar Standard Bible

ရှင်​လု​ကာ​ခ​ရစ်​ဝင် 8:1-13 Myanmar Standard Bible (MSB)

1. ထို့​နောက် မ​ကြာ​မီ ကိုယ်​တော်​သည် တစ်​မြို့​ပြီး​တစ်​မြို့၊ တစ်​ရွာ​ပြီး​တစ်​ရွာ​လှည့်​လည်​ကာ ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​နှင့်​ဆိုင်​သည့် ကောင်း​မြတ်​သော​သ​တင်း​ကို​ဟော​ပြော​တော်​မူ​၏။ တစ်​ဆယ့်​နှစ်​ပါး​သော​တ​ပည့်​တော်​တို့​သည်​လည်း ကိုယ်​တော်​နှင့်​အ​တူ​လိုက်​ကြ​၏။

2. သူ​တို့​အ​ပြင်​အ​နာ​ရော​ဂါ​များ​နှင့် နတ်​ဆိုး​တို့​ဘေး​မှ လွတ်​ငြိမ်း​ချမ်း​သာ​ခွင့်​ရ​ခဲ့​သော အ​မျိုး​သ​မီး​အ​ချို့​ဖြစ်​ကြ​သည့် နတ်​ဆိုး​ခု​နစ်​ကောင်​ထွက်​သွား​ခဲ့​သော မာ​ဂ​ဒ​လ​မြို့​သူ​ဟု​ခေါ်​သည့်​မာ​ရိ၊

3. နယ်​စား​ဟေ​ရုဒ်​၏​အိမ်​မှု​ကိစ္စ​စီ​မံ​ကွပ်​ကဲ​သူ ခု​ဇ​၏​ဇ​နီး ယော​ဟန္န​မှ​စ​၍ ရှု​ရှန္န​အ​ပါ​အ​ဝင် အ​ခြား​အ​မျိုး​သ​မီး​အ​မြောက်​အ​မြား​ရှိ​ကြ​၏။ ဤ​အ​မျိုး​သ​မီး​တို့​သည် မိ​မိ​တို့​၏​ဥစ္စာ​ပစ္စည်း​များ​ဖြင့် ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​ကို လုပ်​ကျွေး​ပြု​စု​ကြ​၏။

4. များ​စွာ​သော​လူ​ထု​ပ​ရိ​သတ်​တို့​သည် စု​ရုံး​လာ​ကြ​၍ မြို့​ရွာ​အ​ရပ်​ရပ်​မှ​လူ​တို့​သည်​လည်း အ​ထံ​တော်​သို့​ရောက်​လာ​ကြ​သ​ဖြင့် ကိုယ်​တော်​သည် ပုံ​ဥ​ပ​မာ​ကို​ဆောင်​လျက် မြွက်​ဆို​တော်​မူ​သည်​မှာ

5. “မျိုး​ကြဲ​သော​သူ​သည် မိ​မိ​မျိုး​စေ့​များ​ကို​ကြဲ​ရန် ထွက်​သွား​လေ​၏။ ထို​သူ​မျိုး​ကြဲ​စဉ်​တွင် အ​ချို့​သော​မျိုး​စေ့​သည် လမ်း​ဘေး​တွင်​ကျ​သ​ဖြင့် နင်း​ခြေ​ခြင်း​ခံ​ရ​၍ မိုး​ကောင်း​ကင်​ငှက်​တို့​သည် ၎င်း​ကို ကောက်​စား​ကြ​၏။

6. အ​ချို့​မူ​ကား ကျောက်​ပေါ်​၌​ကျ​သ​ဖြင့် အ​ပင်​ပေါက်​လာ​သော်​လည်း အ​စို​ဓာတ်​မ​ရ​သော​ကြောင့် ညှိုး​နွမ်း​ခြောက်​သွေ့​သွား​လေ​၏။

7. အ​ချို့​မူ​ကား ဆူး​ပင်​တို့​အ​လယ်​တွင်​ကျ​သ​ဖြင့် အ​တူ​ပေါက်​လာ​သည့်​ဆူး​ပင်​တို့​သည် ၎င်း​ကို ကာ​ဆီး​ပိတ်​ဆို့​ကြ​၏။

8. အ​ချို့​မူ​ကား ကောင်း​သော​မြေ​၌​ကျ​သ​ဖြင့် အ​ပင်​ပေါက်​၍ အ​ဆ​တစ်​ရာ အ​သီး​ဖြစ်​ထွန်း​လေ​၏”​ဟု မိန့်​တော်​မူ​၏။ ထို​သို့​မိန့်​တော်​မူ​ပြီး​နောက် “ကြား​စ​ရာ​နား​ရှိ​သော​သူ​သည် ကြား​ပါ​စေ”​ဟု ကြွေး​ကြော်​တော်​မူ​၏။

9. တ​ပည့်​တော်​တို့​က ဤ​ပုံ​ဥ​ပ​မာ​သည် မည်​သည့်​အ​ရာ​ကို​ဆို​လို​ကြောင်း ကိုယ်​တော်​အား​မေး​လျှောက်​ကြ​၏။

10. ကိုယ်​တော်​က​လည်း “သင်​တို့​အား ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​နှင့်​ဆိုင်​သည့် လျှို့​ဝှက်​နက်​နဲ​သော​အ​ရာ​များ​ကို သိ​ခွင့်​ပေး​ထား​၏။ အ​ခြား​သော​သူ​တို့​မူ​ကား မြင်​လျက်​ပင် မ​မြင်​စေ​ရန်​နှင့် ကြား​လျက်​ပင် နား​မ​လည်​စေ​ရန် သူ​တို့​အား ပုံ​ဥ​ပ​မာ​များ​ဖြင့်​ဟော​ပြော​ရ​၏။

11. ပုံ​ဥ​ပ​မာ​၏​အ​ဓိပ္ပာယ်​ကား ဤ​သို့​ဖြစ်​၏။ မျိုး​စေ့​သည် ဘု​ရား​သ​ခင်​၏​တ​ရား​စ​ကား​ဖြစ်​၏။

12. လမ်း​ဘေး​တွင်​ကျ​သည်​ဆို​သည်​မှာ ဤ​သို့​သော​သူ​တို့​ကို​ဆို​လို​၏။ တ​ရား​စ​ကား​ကို​သူ​တို့​ကြား​သော်​လည်း ယုံ​ကြည်​၍​ကယ်​တင်​ခြင်း​မ​ခံ​ရ​စေ​ရန် မာရ်​နတ်​သည်​လာ​၍ တ​ရား​စ​ကား​ကို သူ​တို့​စိတ်​နှ​လုံး​ထဲ​မှ​နုတ်​ယူ​လေ​၏။

13. ကျောက်​ပေါ်​၌​ကျ​သည်​ဆို​သည်​မှာ တ​ရား​စ​ကား​ကို​ကြား​၍ ဝမ်း​မြောက်​စွာ​ဖြင့်​လက်​ခံ​သော​သူ​တို့​ကို​ဆို​လို​၏။ သို့​သော် သူ​တို့​၌​အ​မြစ်​မ​စွဲ​သ​ဖြင့် ခေတ္တ​ခ​ဏ​သာ​ယုံ​ကြည်​၍ စုံ​စမ်း​နှောင့်​ယှက်​ခြင်း​အ​ချိန်​၌ ဖောက်​ပြန်​သွား​ကြ​၏။