1. ထို့နောက် မကြာမီ ကိုယ်တော်သည် တစ်မြို့ပြီးတစ်မြို့၊ တစ်ရွာပြီးတစ်ရွာလှည့်လည်ကာ ဘုရားသခင်၏နိုင်ငံတော်နှင့်ဆိုင်သည့် ကောင်းမြတ်သောသတင်းကိုဟောပြောတော်မူ၏။ တစ်ဆယ့်နှစ်ပါးသောတပည့်တော်တို့သည်လည်း ကိုယ်တော်နှင့်အတူလိုက်ကြ၏။
2. သူတို့အပြင်အနာရောဂါများနှင့် နတ်ဆိုးတို့ဘေးမှ လွတ်ငြိမ်းချမ်းသာခွင့်ရခဲ့သော အမျိုးသမီးအချို့ဖြစ်ကြသည့် နတ်ဆိုးခုနစ်ကောင်ထွက်သွားခဲ့သော မာဂဒလမြို့သူဟုခေါ်သည့်မာရိ၊
3. နယ်စားဟေရုဒ်၏အိမ်မှုကိစ္စစီမံကွပ်ကဲသူ ခုဇ၏ဇနီး ယောဟန္နမှစ၍ ရှုရှန္နအပါအဝင် အခြားအမျိုးသမီးအမြောက်အမြားရှိကြ၏။ ဤအမျိုးသမီးတို့သည် မိမိတို့၏ဥစ္စာပစ္စည်းများဖြင့် ကိုယ်တော်နှင့်တပည့်တော်တို့ကို လုပ်ကျွေးပြုစုကြ၏။
4. များစွာသောလူထုပရိသတ်တို့သည် စုရုံးလာကြ၍ မြို့ရွာအရပ်ရပ်မှလူတို့သည်လည်း အထံတော်သို့ရောက်လာကြသဖြင့် ကိုယ်တော်သည် ပုံဥပမာကိုဆောင်လျက် မြွက်ဆိုတော်မူသည်မှာ
5. “မျိုးကြဲသောသူသည် မိမိမျိုးစေ့များကိုကြဲရန် ထွက်သွားလေ၏။ ထိုသူမျိုးကြဲစဉ်တွင် အချို့သောမျိုးစေ့သည် လမ်းဘေးတွင်ကျသဖြင့် နင်းခြေခြင်းခံရ၍ မိုးကောင်းကင်ငှက်တို့သည် ၎င်းကို ကောက်စားကြ၏။
6. အချို့မူကား ကျောက်ပေါ်၌ကျသဖြင့် အပင်ပေါက်လာသော်လည်း အစိုဓာတ်မရသောကြောင့် ညှိုးနွမ်းခြောက်သွေ့သွားလေ၏။
7. အချို့မူကား ဆူးပင်တို့အလယ်တွင်ကျသဖြင့် အတူပေါက်လာသည့်ဆူးပင်တို့သည် ၎င်းကို ကာဆီးပိတ်ဆို့ကြ၏။
8. အချို့မူကား ကောင်းသောမြေ၌ကျသဖြင့် အပင်ပေါက်၍ အဆတစ်ရာ အသီးဖြစ်ထွန်းလေ၏”ဟု မိန့်တော်မူ၏။ ထိုသို့မိန့်တော်မူပြီးနောက် “ကြားစရာနားရှိသောသူသည် ကြားပါစေ”ဟု ကြွေးကြော်တော်မူ၏။
9. တပည့်တော်တို့က ဤပုံဥပမာသည် မည်သည့်အရာကိုဆိုလိုကြောင်း ကိုယ်တော်အားမေးလျှောက်ကြ၏။
10. ကိုယ်တော်ကလည်း “သင်တို့အား ဘုရားသခင်၏နိုင်ငံတော်နှင့်ဆိုင်သည့် လျှို့ဝှက်နက်နဲသောအရာများကို သိခွင့်ပေးထား၏။ အခြားသောသူတို့မူကား မြင်လျက်ပင် မမြင်စေရန်နှင့် ကြားလျက်ပင် နားမလည်စေရန် သူတို့အား ပုံဥပမာများဖြင့်ဟောပြောရ၏။