37. ထိုအခါ ထိုမြို့၌နေသည့် အပြစ်များသောအမျိုးသမီးတစ်ဦးသည် ဖာရိရှဲ၏အိမ်တွင် ကိုယ်တော်ထိုင်၍စားသောက်နေကြောင်းသိသဖြင့် ဆီမွှေးထည့်ထားသည့် ကျောက်ဖြူဘူးတစ်လုံးကို ယူဆောင်လာပြီးလျှင်
38. ကိုယ်တော်၏နောက်တွင် ခြေတော်ရင်း၌ရပ်လျက် ငိုကြွေးရင်း မိမိ၏မျက်ရည်ဖြင့် ခြေတော်ကိုစိုစေကာ မိမိဦးခေါင်းမှဆံပင်ဖြင့် သုတ်လေ၏။ ထို့နောက် ကိုယ်တော်၏ခြေတို့ကိုနမ်း၍ ဆီမွှေးဖြင့်လိမ်းသပ်လေ၏။
39. ကိုယ်တော်ကိုဖိတ်ခေါ်သောဖာရိရှဲသည် ထိုအခြင်းအရာကိုမြင်သောအခါ “ဤသူသည် ပရောဖက်ဖြစ်သည်ဆိုလျှင် သူ့ကိုတို့ထိနေသောအမျိုးသမီးသည် မည်သူဖြစ်ကြောင်းနှင့် မည်သို့သောအမျိုးသမီးဖြစ်ကြောင်းသိရမည်။ အကြောင်းမူကား ဤအမျိုးသမီးသည် အပြစ်များသောသူဖြစ်၏”ဟု မိမိစိတ်ထဲ၌ဆိုလေ၏။
40. ထိုအခါ ယေရှုက “ရှိမုန်၊ သင့်ကို ငါပြောစရာတစ်ခုရှိ၏”ဟု မိန့်တော်မူရာ သူက “ပြောပါ ဆရာ”ဟု ပြန်လျှောက်လေ၏။
41. ယေရှုကလည်း “ကြွေးရှင်တစ်ဦးတွင် အကြွေးတင်သူနှစ်ဦးရှိ၏။ တစ်ဦးသည် ဒေနာရိငါးရာ၊ အခြားတစ်ဦးသည် ဒေနာရိငါးဆယ်အကြွေးတင်၏။
42. သူတို့၌ အကြွေးဆပ်စရာမရှိသောကြောင့် ကြွေးရှင်သည် နှစ်ဦးစလုံးတို့၏အကြွေးကို လျှော်ပစ်လိုက်လေ၏။ သို့ဖြစ်လျှင် ထိုသူနှစ်ဦးတွင် မည်သူသည် ကြွေးရှင်ကို ပို၍ချစ်မည်နည်း”ဟု မေးတော်မူ၏။
43. ရှိမုန်ကလည်း “ပို၍များသောအကြွေးကို လျှော်ပစ်ခြင်းခံရသူဖြစ်မည်ထင်ပါ၏”ဟု လျှောက်လျှင် ကိုယ်တော်က “သင်ယူဆသည့်အတိုင်းမှန်၏”ဟု မိန့်တော်မူ၏။
44. ထို့နောက် အမျိုးသမီးဘက်သို့လှည့်တော်မူ၍ ရှိမုန်အား “ဤအမျိုးသမီးကိုမြင်သလော။ ငါသည် သင်၏အိမ်သို့ဝင်စဉ် သင်သည် ငါ့အတွက်ခြေဆေးရေကိုမပေး။ သို့သော် သူသည် မျက်ရည်ဖြင့် ငါ့ခြေကိုစိုစေ၍ မိမိဆံပင်ဖြင့်သုတ်ပေး၏။