32. သူတို့သည် ဈေးအရပ်၌ထိုင်လျက် ‘ငါတို့သည် သင်တို့အတွက် ပလွေမှုတ်ပေးသော်လည်း သင်တို့သည်မကကြ။ ငိုချင်းကိုဖွဲ့နွဲ့သီဆိုသော်လည်း သင်တို့သည်မငိုကြွေးကြ’ဟု တစ်ဦးကိုတစ်ဦးလှမ်း၍ပြောဆိုနေကြသော ကလေးသူငယ်များနှင့်တူကြ၏။
33. အကြောင်းမူကား ဗတ္တိဇံဆရာယောဟန်သည် ရောက်လာ၍ အစာကိုမစား၊ စပျစ်ဝိုင်ကိုလည်း မသောက်ဘဲနေသော် ‘သူ၌ နတ်ဆိုးပူးနေသည်’ဟု ဆိုကြ၏။
34. လူ့သားသည် ရောက်လာ၍ စားသောက်လျက်နေသော် ‘ကြည့်ရှုလော့။ အစားကြူးသောသူ၊ သေသောက်ကြူးသောသူ၊ အခွန်ကောက်ခံသူများနှင့် အပြစ်သားတို့၏အပေါင်းအသင်း’ဟု ဆိုကြပြန်၏။
35. သို့သော် ဉာဏ်ပညာတော်သည်ဖြောင့်မတ်ကြောင်း မိမိသားသမီးရှိသမျှတို့က ဖော်ပြကြ၏”ဟု မိန့်တော်မူ၏။
36. ဖာရိရှဲတစ်ဦးသည် မိမိနှင့်အတူစားသောက်ရန် ကိုယ်တော်ကိုဖိတ်ခေါ်သဖြင့် ကိုယ်တော်သည် ထိုဖာရိရှဲ၏အိမ်သို့ဝင်၍ စားပွဲ၌ထိုင်တော်မူ၏။
37. ထိုအခါ ထိုမြို့၌နေသည့် အပြစ်များသောအမျိုးသမီးတစ်ဦးသည် ဖာရိရှဲ၏အိမ်တွင် ကိုယ်တော်ထိုင်၍စားသောက်နေကြောင်းသိသဖြင့် ဆီမွှေးထည့်ထားသည့် ကျောက်ဖြူဘူးတစ်လုံးကို ယူဆောင်လာပြီးလျှင်
38. ကိုယ်တော်၏နောက်တွင် ခြေတော်ရင်း၌ရပ်လျက် ငိုကြွေးရင်း မိမိ၏မျက်ရည်ဖြင့် ခြေတော်ကိုစိုစေကာ မိမိဦးခေါင်းမှဆံပင်ဖြင့် သုတ်လေ၏။ ထို့နောက် ကိုယ်တော်၏ခြေတို့ကိုနမ်း၍ ဆီမွှေးဖြင့်လိမ်းသပ်လေ၏။
39. ကိုယ်တော်ကိုဖိတ်ခေါ်သောဖာရိရှဲသည် ထိုအခြင်းအရာကိုမြင်သောအခါ “ဤသူသည် ပရောဖက်ဖြစ်သည်ဆိုလျှင် သူ့ကိုတို့ထိနေသောအမျိုးသမီးသည် မည်သူဖြစ်ကြောင်းနှင့် မည်သို့သောအမျိုးသမီးဖြစ်ကြောင်းသိရမည်။ အကြောင်းမူကား ဤအမျိုးသမီးသည် အပြစ်များသောသူဖြစ်၏”ဟု မိမိစိတ်ထဲ၌ဆိုလေ၏။
40. ထိုအခါ ယေရှုက “ရှိမုန်၊ သင့်ကို ငါပြောစရာတစ်ခုရှိ၏”ဟု မိန့်တော်မူရာ သူက “ပြောပါ ဆရာ”ဟု ပြန်လျှောက်လေ၏။
41. ယေရှုကလည်း “ကြွေးရှင်တစ်ဦးတွင် အကြွေးတင်သူနှစ်ဦးရှိ၏။ တစ်ဦးသည် ဒေနာရိငါးရာ၊ အခြားတစ်ဦးသည် ဒေနာရိငါးဆယ်အကြွေးတင်၏။
42. သူတို့၌ အကြွေးဆပ်စရာမရှိသောကြောင့် ကြွေးရှင်သည် နှစ်ဦးစလုံးတို့၏အကြွေးကို လျှော်ပစ်လိုက်လေ၏။ သို့ဖြစ်လျှင် ထိုသူနှစ်ဦးတွင် မည်သူသည် ကြွေးရှင်ကို ပို၍ချစ်မည်နည်း”ဟု မေးတော်မူ၏။
43. ရှိမုန်ကလည်း “ပို၍များသောအကြွေးကို လျှော်ပစ်ခြင်းခံရသူဖြစ်မည်ထင်ပါ၏”ဟု လျှောက်လျှင် ကိုယ်တော်က “သင်ယူဆသည့်အတိုင်းမှန်၏”ဟု မိန့်တော်မူ၏။
44. ထို့နောက် အမျိုးသမီးဘက်သို့လှည့်တော်မူ၍ ရှိမုန်အား “ဤအမျိုးသမီးကိုမြင်သလော။ ငါသည် သင်၏အိမ်သို့ဝင်စဉ် သင်သည် ငါ့အတွက်ခြေဆေးရေကိုမပေး။ သို့သော် သူသည် မျက်ရည်ဖြင့် ငါ့ခြေကိုစိုစေ၍ မိမိဆံပင်ဖြင့်သုတ်ပေး၏။
45. သင်သည် ငါ့ကိုမနမ်း။ သို့သော် သူသည် ဝင်လာသည့်အချိန်မှစ၍ ငါ့ခြေကိုအဆက်မပြတ်နမ်းလျက်နေ၏။
46. သင်သည် ငါ၏ခေါင်းကို ဆီဖြင့်မလိမ်း။ သို့သော် သူသည် ငါ၏ခြေကို ဆီမွှေးဖြင့်လိမ်းပေး၏။
47. ထို့ကြောင့် သင့်အား ငါဆိုမည်။ သူ၏များပြားလှသောအပြစ်တို့သည် ခွင့်လွှတ်ခြင်းခံရပြီ။ အကြောင်းမူကား သူသည် များစွာချစ်၏။ အနည်းငယ်သာခွင့်လွှတ်ခြင်းခံရသောသူသည် အနည်းငယ်သာချစ်၏”ဟု မိန့်တော်မူ၏။