25. သို့မဟုတ်လျှင် မည်သည့်အရာကိုကြည့်ရှုရန် ထွက်သွားကြသနည်း။ နူးညံ့သောအဝတ်များဝတ်ဆင်ထားသောသူကိုလော။ တင့်တယ်သောအဝတ်များဝတ်ဆင်လျက် သောက်စားပျော်ပါးနေသောသူတို့သည် နန်းတော်များ၌ရှိကြ၏။
26. ထိုသို့မဟုတ်လျှင် မည်သည့်အရာကိုကြည့်ရှုရန် ထွက်သွားကြသနည်း။ ပရောဖက်ကိုလော။ မှန်ပေ၏။ ပရောဖက်ထက်ပင် ကြီးမြတ်သောသူဖြစ်သည်ဟု သင်တို့အား ငါဆို၏။
27. ‘ကြည့်ရှုလော့။ သင့်ရှေ့၌သင်၏လမ်းကိုပြင်ဆင်မည့် ငါ၏စေတမန်ကို သင့်ထက်အလျင်ဦးစွာငါစေလွှတ်မည်’ဟု ကျမ်းစာ၌ရေးထားသည်မှာ ဤသူ၏အကြောင်းပင်ဖြစ်၏။
28. သင်တို့အား ငါဆိုမည်။ မိန်းမတို့မှမွေးဖွားလာသောသူတို့တွင် ယောဟန်ထက် ကြီးမြတ်သောသူတစ်ယောက်မျှမရှိ။ သို့သော် ဘုရားသခင်၏နိုင်ငံတော်၌ အငယ်ဆုံးသောသူသည် သူ့ထက် ကြီးမြတ်၏။”
29. (အခွန်ကောက်ခံသူများမှစ၍ လူအပေါင်းတို့သည် ယောဟန်၏ဗတ္တိဇံကိုခံယူခဲ့သဖြင့် ဤစကားကိုကြားနာရသောအခါ ဘုရားသခင်ဖြောင့်မတ်ကြောင်းဝန်ခံကြ၏။
30. သို့သော် ဖာရိရှဲနှင့်ကျမ်းတတ်ပုဂ္ဂိုလ်တို့သည် ယောဟန်ထံမှ ဗတ္တိဇံကိုမခံယူခဲ့သဖြင့် မိမိတို့အတွက် ဘုရားသခင်ကြံစည်ထားတော်မူသောအရာကို ပစ်ပယ်ကြ၏။)
31. “ထို့ကြောင့် ဤခေတ်ကာလလူတို့ကို မည်သည့်အရာနှင့်ခိုင်းနှိုင်းရမည်နည်း။ သူတို့သည် မည်သည့်အရာနှင့်တူကြသနည်း။
32. သူတို့သည် ဈေးအရပ်၌ထိုင်လျက် ‘ငါတို့သည် သင်တို့အတွက် ပလွေမှုတ်ပေးသော်လည်း သင်တို့သည်မကကြ။ ငိုချင်းကိုဖွဲ့နွဲ့သီဆိုသော်လည်း သင်တို့သည်မငိုကြွေးကြ’ဟု တစ်ဦးကိုတစ်ဦးလှမ်း၍ပြောဆိုနေကြသော ကလေးသူငယ်များနှင့်တူကြ၏။