2. ထိုအခါ တပ်မှူးတစ်ယောက်၏အလွန်အားထားရသော အစေအပါးတစ်ဦးသည် နာမကျန်းဖြစ်ပြီး သေအံ့ဆဲဆဲဖြစ်နေ၏။
3. ထိုတပ်မှူးသည် ယေရှု၏သတင်းကိုကြားသောအခါ ဂျူးလူမျိုးတို့၏သက်ကြီးဝါကြီးများကို ကိုယ်တော်ထံသို့စေလွှတ်ကာ ကြွလာ၍ သူ့အစေအပါးကို ကျန်းမာစေတော်မူမည့်အကြောင်း လျှောက်စေ၏။
4. သူတို့သည် ယေရှုထံသို့ရောက်လာ၍ “သူ့အတွက် ဤအရာကို ကိုယ်တော်ပြုလုပ်ပေးထိုက်ပါသည်။
5. အကြောင်းမူကား သူသည် အကျွန်ုပ်တို့လူမျိုးကိုချစ်၍ အကျွန်ုပ်တို့အတွက် ဝတ်ပြုစည်းဝေးကျောင်းကိုဆောက်ပေးခဲ့ပါသည်”ဟု ဆိုလျက် ကိုယ်တော်ကို အလေးအနက်တောင်းပန်ကြ၏။
6. ထိုအခါ ယေရှုသည် ထိုသူတို့နှင့်အတူကြွတော်မူ၏။ တပ်မှူး၏အိမ်နှင့် မဝေးလှသောနေရာသို့ရောက်တော်မူသောအခါ တပ်မှူးသည် မိတ်ဆွေများကိုစေလွှတ်၍ “သခင်ဘုရား၊ အပင်ပန်းခံတော်မမူပါနှင့်။ အကြောင်းမူကား အကျွန်ုပ်၏အိမ်ခေါင်မိုးအောက်သို့ ကိုယ်တော်ကြွဝင်တော်မူခြင်းကျေးဇူးကို အကျွန်ုပ်မခံထိုက်ပါ။
7. ထို့ကြောင့် အကျွန်ုပ်ကိုယ်တိုင်သည်လည်း ကိုယ်တော်ထံသို့မလာထိုက်ပါဟုမှတ်ယူပါသည်။ အမိန့်တော်ကိုသာ ပေးတော်မူပါ။ သို့ပြုလျှင် အကျွန်ုပ်၏ငယ်သားသည် ကျန်းမာပါလိမ့်မည်။
8. ဤသို့ဆိုခြင်းမှာ အကျွန်ုပ်သည်လည်း အမိန့်အာဏာအောက်၌ရှိသောသူတစ်ဦးဖြစ်ပြီး အကျွန်ုပ်၏လက်အောက်တွင် စစ်သားများရှိပါသည်။ ဤတစ်ဦးကို ‘သွားပါ’ဟု အကျွန်ုပ်ဆိုလျှင် သူသည်သွား၍ အခြားတစ်ဦးကို ‘လာပါ’ဟု ဆိုလျှင် သူသည်လာပါသည်။ အကျွန်ုပ်၏အစေအပါးကိုလည်း ‘ဤအရာကိုလုပ်ပါ’ဟု ဆိုလျှင် သူသည်လုပ်ပါသည်”ဟူ၍ လျှောက်စေ၏။
9. ယေရှုသည် ထိုစကားတို့ကိုကြားလျှင် တပ်မှူးကိုအံ့သြ၍ နောက်တော်သို့လိုက်သောသူတို့ကို လှည့်ကြည့်ကာ “သင်တို့အား ငါဆိုမည်။ ဤမျှလောက်ကြီးမားသောယုံကြည်ခြင်းကို အစ္စရေးလူမျိုး၌ပင် ငါမတွေ့ဖူးချေ”ဟု မိန့်တော်မူ၏။
10. စေလွှတ်ခြင်းခံရသောသူတို့သည် အိမ်သို့ပြန်ရောက်သောအခါ ထိုအစေအပါးကျန်းမာလျက်ရှိနေသည်ကိုတွေ့ကြ၏။
11. နောက်တစ်နေ့တွင် ကိုယ်တော်သည် နာဣနဟုခေါ်သောမြို့သို့ ကြွတော်မူရာ တပည့်တော်တို့မှစ၍ များစွာသောလူထုပရိသတ်သည် ကိုယ်တော်နှင့်အတူလိုက်ပါလာကြ၏။
12. မြို့တံခါးအနီးသို့ရောက်တော်မူသောအချိန်တွင် လူတို့သည် သေဆုံးသောသူတစ်ယောက်ကို မြို့ပြင်သို့ထုတ်ဆောင်လာကြ၏။ သူသည် မိခင်ဖြစ်သူမုဆိုးမ၏တစ်ဦးတည်းသောသားဖြစ်၏။ များစွာသောမြို့သူမြို့သားတို့သည်လည်း ထိုအမျိုးသမီးနှင့်အတူရှိကြ၏။
13. သခင်ဘုရားသည် ထိုအမျိုးသမီးကိုမြင်သောအခါ သူ့အပေါ်ကြင်နာစိတ်ရှိတော်မူ၍ “မငိုနှင့်”ဟု မိန့်တော်မူ၏။
14. ထို့နောက် ချဉ်းကပ်လျက် အလောင်းစင်ကို တို့ထိတော်မူရာ အလောင်းစင်ထမ်းသောသူတို့သည် ရပ်တန့်ကြ၏။ ထိုအခါ ကိုယ်တော်က “အချင်းလူငယ်၊ သင့်အား ငါဆိုမည်။ ထလော့”ဟု မိန့်တော်မူရာ
15. သေသောသူသည် ထထိုင်ပြီး စကားပြောလေ၏။ ကိုယ်တော်သည်လည်း သူ့ကို သူ့မိခင်ထံပြန်အပ်တော်မူ၏။
16. လူတို့သည်ထိတ်လန့်အံ့ဩလျက် ဘုရားသခင်၏ဘုန်းတော်ကိုချီးမွမ်းကာ “ပရောဖက်ကြီးတစ်ပါးသည် ငါတို့တွင် ပေါ်ထွန်းလေပြီ”ဟူ၍လည်းကောင်း၊ “ဘုရားသခင်သည် မိမိလူမျိုးတော်ကိုအကြည့်အရှု ကြွလာတော်မူပြီ”ဟူ၍လည်းကောင်း ပြောဆိုကြ၏။
17. ကိုယ်တော်၏သတင်းသည်လည်း ယုဒနယ်တစ်လျှောက်လုံးနှင့် ပတ်ဝန်းကျင်တစ်ခုလုံးသို့ ပျံ့နှံ့သွားလေ၏။
18. ယောဟန်၏တပည့်များသည် ဤအကြောင်းအရာအလုံးစုံတို့ကို ယောဟန်အား ပြောပြကြ၏။ ထိုအခါ ယောဟန်သည် မိမိတပည့်နှစ်ဦးကိုခေါ်၍
19. သခင်ဘုရားထံသို့စေလွှတ်ကာ “ကိုယ်တော်သည် ကြွလာတော်မူသောအရှင်ဖြစ်ပါသလော။ သို့မဟုတ် အခြားသောသူကို စောင့်မျှော်ရပါမည်လော”ဟု မေးလျှောက်စေ၏။