5. ရှိမုန်ကလည်း “သခင်၊ အကျွန်ုပ်တို့သည် တစ်ညလုံးကြိုးစားဖမ်းကြသော်လည်း တစ်ကောင်ကိုမျှမရကြပါ။ သို့သော် ကိုယ်တော်အမိန့်ရှိတော်မူသည်ဖြစ်၍ ပိုက်ကွန်များကိုချပါမည်”ဟု လျှောက်ပြီးနောက်
6. ထိုအတိုင်းပြုလေရာ ငါးအမြောက်အမြားကိုဖမ်းမိသဖြင့် သူတို့ပိုက်ကွန်များစုတ်လုမတတ်ဖြစ်လေ၏။
7. ထိုအခါ သူတို့သည် အခြားသောလှေပေါ်တွင်ရှိသောအပေါင်းအဖော်တို့အား လာ၍ မိမိတို့ကိုကူညီကြရန် အချက်ပြသဖြင့် ထိုသူတို့သည်လာ၍ လှေနှစ်စင်းစလုံးတွင် ငါးကိုအပြည့်ထည့်လိုက်ရာ လှေသည်နစ်လုမတတ်ဖြစ်လေ၏။
8. ရှိမုန်ပေတရုသည် ထိုအခြင်းအရာကိုမြင်လျှင် ယေရှု၏ခြေတော်ရင်း၌ ပျပ်ဝပ်လျက် “သခင်၊ အကျွန်ုပ်သည် အပြစ်များသောသူဖြစ်၍ အကျွန်ုပ်ထံမှ ကြွသွားတော်မူပါ”ဟု လျှောက်လေ၏။
9. ဤသို့လျှောက်သည်မှာ ဖမ်းမိသောငါးများပြားသဖြင့် ရှိမုန်နှင့် သူ၏အပေါင်းအဖော်အားလုံးသည် အံ့အားသင့်ကြသောကြောင့်ဖြစ်၏။
10. ရှိမုန်၏အပေါင်းအဖော်များဖြစ်ကြသော ဇေဗေဒဲ၏သား ယာကုပ်နှင့်ယောဟန်တို့သည်လည်း အံ့အားသင့်ကြ၏။ ယေရှုကလည်း “မကြောက်နှင့်။ သင်သည် ယခုမှစ၍ လူကိုဖမ်းလိမ့်မည်”ဟု ရှိမုန်အား မိန့်တော်မူ၏။
11. ထိုအခါ သူတို့သည် လှေကို ကုန်းပေါ်တင်ပြီးလျှင် ရှိသမျှကိုစွန့်၍ နောက်တော်သို့လိုက်ကြ၏။
12. ကိုယ်တော်သည် မြို့တစ်မြို့၌ရှိတော်မူစဉ် တစ်ကိုယ်လုံးအနာကြီးရောဂါစွဲကပ်နေသူတစ်ဦးသည် ယေရှုကိုမြင်လျှင် ပျပ်ဝပ်လျက် “သခင်ဘုရား၊ ကိုယ်တော်အလိုရှိလျှင် အကျွန်ုပ်ကို စင်ကြယ်စေနိုင်ပါသည်”ဟု တောင်းပန်လေ၏။