26. လူအပေါင်းတို့သည် မိန်းမောတွေဝေ၍ ဘုရားသခင်၏ဘုန်းတော်ကိုချီးမွမ်းကာ “ယနေ့ ငါတို့သည် အံ့ဖွယ်သောအမှုကို မြင်ရကြပြီ”ဟု အလွန်ထိတ်လန့်အံ့ဩသောစိတ်ဖြင့်ပြောဆိုကြ၏။
27. ထို့နောက် ကိုယ်တော်သည် ထွက်ခွာသွား၍ အခွန်ကောက်ခံရာစခန်းတွင်ထိုင်နေသည့် လေဝိအမည်ရှိ အခွန်ကောက်ခံသူတစ်ဦးကိုမြင်သဖြင့် “ငါ့နောက်သို့လိုက်လော့”ဟု မိန့်တော်မူသော်
28. သူသည် ရှိသမျှတို့ကိုစွန့်ပြီး ထ၍ နောက်တော်သို့လိုက်လေ၏။
29. လေဝိသည် မိမိ၏အိမ်၌ ကိုယ်တော်အတွက် ဧည့်ခံပွဲကြီးကိုကျင်းပလေရာ အခွန်ကောက်ခံသူအစုအဝေးနှင့်အခြားသောသူများစွာတို့သည် သူတို့နှင့်အတူထိုင်၍ စားသောက်နေကြ၏။
30. ထိုအခါ ဖာရိရှဲများနှင့် သူတို့ထဲမှကျမ်းပြုဆရာတို့က “သင်တို့သည် အဘယ်ကြောင့် အခွန်ကောက်ခံသူများ၊ အပြစ်သားများနှင့်အတူ စားသောက်ကြသနည်း”ဟု တပည့်တော်တို့အား မကျေမနပ်ပြောဆိုကြ၏။
31. ယေရှုကလည်း “ကျန်းမာသောသူတို့သည် ဆေးဆရာကိုမလိုအပ်ကြပေ။ နာမကျန်းဖြစ်သောသူတို့သာလျှင် လိုအပ်ကြ၏။
32. ဖြောင့်မတ်သောသူတို့ကိုခေါ်ရန် ငါလာသည်မဟုတ်။ အပြစ်သားတို့ကို နောင်တသို့ခေါ်ရန်ငါလာ၏”ဟု မိန့်တော်မူ၏။
33. လူအချို့တို့က “ယောဟန်၏တပည့်များသည် မကြာခဏ အစာရှောင်၍ ဆုတောင်းခြင်းအမှုကိုပြုကြသည်။ ဖာရိရှဲတို့၏တပည့်များသည်လည်း ထိုနည်းတူပြုကြသည်။ ကိုယ်တော်၏တပည့်တော်တို့မူကား စားသောက်လျက်နေကြပါသည်တကား”ဟု လျှောက်ကြ၏။
34. ယေရှုကလည်း “သတို့သား၏ဆွေမျိုးမိတ်သင်္ဂဟများသည် သတို့သားနှင့်အတူရှိနေစဉ် သူတို့ကို အစာရှောင်စေနိုင်မည်လော။
35. သို့သော် သတို့သားကို သူတို့ထံမှခေါ်ဆောင်သွားမည့်နေ့ရက်များရောက်လာလိမ့်မည်။ ထိုနေ့ရက်များရောက်လာသည့်အခါ၌ သူတို့သည် အစာရှောင်ကြလိမ့်မည်”ဟု မိန့်တော်မူ၏။
36. ထို့နောက် သူတို့အား ပုံဥပမာတစ်ခုမြွက်ဆိုတော်မူသည်မှာ “မည်သူမျှ အဝတ်အသစ်မှပိတ်စကိုဆုတ်ဖြဲ၍ အဝတ်အဟောင်းကို ဖာလေ့မရှိ။ ထိုသို့ပြုလျှင် အဝတ်အသစ်ကို ဆုတ်ဖြဲရသည်သာမက ဖာထားသောပိတ်စအသစ်သည်လည်း အဝတ်အဟောင်းနှင့် လိုက်ဖက်မည်မဟုတ်။
37. စပျစ်ဝိုင်အသစ်ကိုလည်း မည်သူမျှ သားရေဘူးအဟောင်း၌ ထည့်လေ့မရှိ။ ထိုသို့ပြုလျှင် စပျစ်ဝိုင်အသစ်သည် သားရေဘူးကိုပေါက်ပြဲစေသဖြင့် စပျစ်ဝိုင်ယိုထွက်ကာ သားရေဘူးလည်း ပျက်စီးသွားလိမ့်မည်။
38. စပျစ်ဝိုင်အသစ်ကို သားရေဘူးအသစ်၌သာ ထည့်ရ၏။