35. ယေရှုကလည်း ထိုနတ်ကိုဆုံးမလျက် “တိတ်ဆိတ်၍ သူ့ထံမှ ထွက်သွားလော့”ဟု မိန့်တော်မူ၏။ ထိုအခါ နတ်ဆိုးသည် ထိုသူကို လူများအလယ်တွင်လှဲချ၍ အနာတရမဖြစ်စေဘဲ သူ့ထံမှ ထွက်သွားလေ၏။
36. လူအပေါင်းတို့သည် အံ့အားသင့်လျက် “ဤစကားသည် မည်သို့သောစကားနည်း။ ညစ်ညူးသောနတ်များကို အခွင့်အာဏာနှင့် တန်ခိုးတို့ဖြင့် အမိန့်ပေးလေရာ ၎င်းတို့သည် ထွက်သွားကြပါသည်တကား”ဟု အချင်းချင်းပြောဆိုကြ၏။
37. ထိုအခါ ကိုယ်တော်၏သတင်းသည် ပတ်ဝန်းကျင်ရှိ ဒေသတစ်ခုလုံးသို့ ပျံ့နှံ့သွားလေ၏။
38. ကိုယ်တော်သည် ဝတ်ပြုစည်းဝေးကျောင်းမှထွက်ခွာပြီးလျှင် ရှိမုန်၏အိမ်သို့ကြွတော်မူ၏။ ရှိမုန်၏ယောက္ခမသည် ပြင်းထန်စွာဖျားနာလျက် ဝေဒနာခံစားနေရသဖြင့် လူတို့သည် သူ့အတွက် ကိုယ်တော်ကိုတောင်းလျှောက်ကြ၏။
39. ကိုယ်တော်သည်လည်း ထိုအမျိုးသမီး၏အနီး၌ရပ်လျက် အဖျားအနာကိုဆုံးမတော်မူလျှင် သူသည် အဖျားပျောက်သဖြင့် ချက်ချင်းထ၍ သူတို့ကိုဧည့်ဝတ်ပြုလေ၏။
40. နေဝင်ချိန်ရောက်သောအခါ လူတို့သည် ရောဂါအမျိုးမျိုးစွဲကပ်၍ နာမကျန်းဖြစ်သူရှိသမျှတို့ကို အထံတော်သို့ခေါ်ဆောင်လာကြ၏။ ကိုယ်တော်သည် ထိုလူနာအသီးသီးတို့အပေါ်သို့ လက်တော်ကိုတင်၍ သူတို့ကိုကျန်းမာစေတော်မူ၏။
41. နတ်ဆိုးတို့ကလည်း “ကိုယ်တော်သည် ဘုရားသခင်၏သားတော်ဖြစ်တော်မူ၏”ဟု အော်ဟစ်လျက် လူများစွာတို့ထံမှ ထွက်သွားကြ၏။ ကိုယ်တော်သည် ခရစ်တော်ဖြစ်ကြောင်း ထိုနတ်ဆိုးတို့သိထားကြသည်ဖြစ်၍ ကိုယ်တော်သည် သူတို့ကိုဆုံးမ၍ သူတို့အား စကားပြောခွင့်ပေးတော်မမူချေ။
42. မိုးလင်းသောအခါ ကိုယ်တော်သည် လူသူကင်းဝေးရာအရပ်သို့ ထွက်ခွာသွားတော်မူ၏။ သို့ရာတွင် လူထုပရိသတ်တို့သည် ကိုယ်တော်ကိုကြိုးစားရှာဖွေကြပြီးလျှင် အထံတော်သို့လာ၍ မိမိတို့ထံမှ ထွက်ခွာမသွားရန် ကိုယ်တော်ကိုတားဆီးကြ၏။
43. သို့သော် ကိုယ်တော်က “ငါသည် အခြားသောမြို့ရွာတို့၌လည်း ဘုရားသခင်၏နိုင်ငံတော်နှင့်ဆိုင်သည့် ကောင်းမြတ်သောသတင်းကိုဟောပြောရမည်။ အကြောင်းမူကား ငါသည် ဤအတွက်စေလွှတ်ခြင်းခံရ၏”ဟု မိန့်တော်မူပြီးလျှင်
44. ယုဒနယ်ရှိ ဝတ်ပြုစည်းဝေးကျောင်းများ၌ ဟောပြောလျက်နေတော်မူ၏။