27. ပရောဖက်ဧလိရှဲလက်ထက်၌လည်း အစ္စရေးလူမျိုးထဲတွင် အနာကြီးရောဂါသည် များစွာရှိခဲ့ကြ၏။ သို့သော် ထိုသူတို့ထဲက မည်သူမျှ စင်ကြယ်ခြင်းသို့မရောက်ဘဲ ဆီးရီးယားပြည်သား နေမန်တစ်ဦးတည်းသာ စင်ကြယ်ခြင်းသို့ရောက်၏”ဟု မိန့်တော်မူ၏။
28. ဝတ်ပြုစည်းဝေးကျောင်းထဲ၌ရှိသောသူအားလုံးတို့သည် ထိုစကားကိုကြားသောအခါ ပြင်းစွာဒေါသထွက်သဖြင့်
29. ထ၍ ကိုယ်တော်ကို မြို့ပြင်သို့နှင်ထုတ်ပြီးလျှင် ကိုယ်တော်ကို တောင်ကမ်းပါးမှတွန်းချရန် ထိုမြို့တည်ရာတောင်၏ထိပ်စွန်းအထိ ခေါ်ဆောင်သွားကြ၏။
30. သို့ရာတွင် ကိုယ်တော်သည် သူတို့အလယ်မှဖြတ်လျှောက်၍ ကြွသွားတော်မူ၏။
31. ထို့နောက် ကိုယ်တော်သည် ဂါလိလဲနယ်၊ ကပေရနောင်မြို့သို့ဆင်းသွား၍ ဥပုသ်နေ့၌ လူတို့ကိုသွန်သင်တော်မူ၏။
32. ကိုယ်တော်၏စကားတော်သည် အခွင့်အာဏာရှိသောကြောင့် လူတို့သည် ကိုယ်တော်၏သွန်သင်ချက်ကို အံ့ဩချီးမွမ်းကြ၏။
33. ထိုဝတ်ပြုစည်းဝေးကျောင်းတွင် နတ်ဆိုးတည်းဟူသောညစ်ညူးသောနတ်ပူးနေသူတစ်ဦးရှိ၏။ ထိုသူသည် ကျယ်လောင်သောအသံဖြင့်
34. “အို နာဇရက်မြို့သားယေရှု၊ ကိုယ်တော်နှင့်အကျွန်ုပ်တို့ မည်သို့ဆိုင်သနည်း။ အကျွန်ုပ်တို့ကိုဖျက်ဆီးရန်ကြွလာတော်မူသလော။ ကိုယ်တော်သည် မည်သူဖြစ်သည်ကို အကျွန်ုပ်သိပါသည်။ ကိုယ်တော်သည် ဘုရားသခင်၏သန့်ရှင်းသူဖြစ်ပါသည်”ဟု အော်ဟစ်လေ၏။
35. ယေရှုကလည်း ထိုနတ်ကိုဆုံးမလျက် “တိတ်ဆိတ်၍ သူ့ထံမှ ထွက်သွားလော့”ဟု မိန့်တော်မူ၏။ ထိုအခါ နတ်ဆိုးသည် ထိုသူကို လူများအလယ်တွင်လှဲချ၍ အနာတရမဖြစ်စေဘဲ သူ့ထံမှ ထွက်သွားလေ၏။
36. လူအပေါင်းတို့သည် အံ့အားသင့်လျက် “ဤစကားသည် မည်သို့သောစကားနည်း။ ညစ်ညူးသောနတ်များကို အခွင့်အာဏာနှင့် တန်ခိုးတို့ဖြင့် အမိန့်ပေးလေရာ ၎င်းတို့သည် ထွက်သွားကြပါသည်တကား”ဟု အချင်းချင်းပြောဆိုကြ၏။
37. ထိုအခါ ကိုယ်တော်၏သတင်းသည် ပတ်ဝန်းကျင်ရှိ ဒေသတစ်ခုလုံးသို့ ပျံ့နှံ့သွားလေ၏။
38. ကိုယ်တော်သည် ဝတ်ပြုစည်းဝေးကျောင်းမှထွက်ခွာပြီးလျှင် ရှိမုန်၏အိမ်သို့ကြွတော်မူ၏။ ရှိမုန်၏ယောက္ခမသည် ပြင်းထန်စွာဖျားနာလျက် ဝေဒနာခံစားနေရသဖြင့် လူတို့သည် သူ့အတွက် ကိုယ်တော်ကိုတောင်းလျှောက်ကြ၏။