1. ယေရှုသည် သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝလျက် ဂျော်ဒန်မြစ်မှ ပြန်ကြွလာတော်မူ၏။ ထို့နောက် ဝိညာဉ်တော်၏ပင့်ဆောင်ခြင်းကိုခံတော်မူ၍
2. တောကန္တာရ၌ ရက်ပေါင်းလေးဆယ်နေလျက် မာရ်နတ်၏ဖြားယောင်းသွေးဆောင်ခြင်းကိုခံတော်မူ၏။ ထိုကာလအတွင်း၌ မည်သည့်အစာကိုမျှ မသုံးဆောင်ဘဲနေတော်မူသဖြင့် ထိုနေ့ရက်များကုန်လွန်သောအခါ ဆာလောင်တော်မူ၏။
3. ထိုအခါ မာရ်နတ်က “သင်သည် ဘုရားသခင်၏သားတော်မှန်လျှင် ဤကျောက်ခဲကို မုန့်ဖြစ်စေရန် အမိန့်ရှိပါ”ဟု လျှောက်လေ၏။
4. ယေရှုကလည်း “‘လူသည် မုန့်အားဖြင့်သာ အသက်ရှင်သည်မဟုတ်’ဟူ၍ကျမ်းစာ၌ရေးထားသည်”ဟု မိန့်တော်မူ၏။
5. ထို့နောက် မာရ်နတ်သည် ကိုယ်တော်ကိုပင့်ဆောင်သွား၍ တစ်ခဏချင်းတွင် ကမ္ဘာ့နိုင်ငံအားလုံးတို့ကို ကိုယ်တော်အားညွှန်ပြကာ
6. “ဤအခွင့်အာဏာရှိသမျှနှင့် ၎င်းတို့၏ဘုန်းစည်းစိမ်တို့ကို သင့်အား ငါပေးမည်။ အကြောင်းမူကား ဤအရာကို ငါ့ထံ အပ်နှင်းထားပြီးဖြစ်၍ ၎င်းကို ငါပေးလိုသောသူအား ငါပေး၏။
7. သို့ဖြစ်၍ သင်သည် ငါ့ကိုရှိခိုးလျှင် ဤအရာအားလုံးသည် သင့်ဥစ္စာဖြစ်လိမ့်မည်”ဟု လျှောက်လေ၏။
8. ယေရှုကလည်း “‘သင်၏ဘုရားသခင်ထာဝရဘုရားကိုရှိခိုး၍ ထိုအရှင်တစ်ပါးတည်းကိုသာ ဝတ်ပြုရမည်’ဟူ၍ကျမ်းစာ၌ရေးထားသည်”ဟု မိန့်တော်မူ၏။