1. တိဗေရိဆီဇာနန်းစံတစ်ဆယ့်ငါးနှစ်မြောက်တွင် ပုန္တိပိလတ်သည် ယုဒနယ်၏ဘုရင်ခံ၊ ဟေရုဒ်သည် ဂါလိလဲနယ်၏နယ်စား၊ ဟေရုဒ်၏အစ်ကိုဖိလိပ္ပုသည် ဣတုရဲနယ်နှင့်တရာခေါနိတ်နယ်တို့၏နယ်စား၊ လုသာနိသည် အဘိလင်နယ်၏နယ်စား၊
2. အန္နတ်နှင့်ကယာဖတို့သည် ယဇ်ပုရောဟိတ်မင်းဖြစ်စဉ် ဘုရားသခင်၏နှုတ်ကပတ်တော်သည် တောကန္တာရ၌ ဇာခရိ၏သားယောဟန်ထံသို့ရောက်လာ၏။
3. ထိုအခါ ယောဟန်သည် ဂျော်ဒန်မြစ်ပတ်ဝန်းကျင်တစ်လျှောက်လုံးသို့သွား၍ အပြစ်များခွင့်လွှတ်ခြင်းကျေးဇူးအတွက် နောင်တနှင့်ဆိုင်သောဗတ္တိဇံတရားကိုဟောပြောလေ၏။
4. ဤသည်ကား “တောကန္တာရ၌ဟစ်ကြော်သောအသံမှာ ထာဝရဘုရား၏လမ်းတော်ကို ပြင်ဆင်ကြလော့။ ကိုယ်တော်၏လမ်းကြောင်းများကို ဖြောင့်တန်းစေကြလော့။
5. ချိုင့်ဝှမ်းလျှိုမြောင်ရှိသမျှတို့ကိုဖို့၍ တောင်ကြီးတောင်ငယ်ရှိသမျှတို့ကို ဖြိုရမည်။ ကောက်သောလမ်းများကို ဖြောင့်တန်းစေ၍ ကြမ်းတမ်းသောလမ်းများကို ချောမွေ့စေရမည်။
6. ထိုအခါ လူသားအပေါင်းတို့သည် ဘုရားသခင်၏ကယ်တင်ခြင်းကို တွေ့မြင်ရကြလိမ့်မည်”ဟု ပရောဖက်ဟေရှာယဟောပြောထားသောကျမ်းတွင်ရေးထားသည့်အတိုင်းဖြစ်၏။
7. ယောဟန်သည် သူ့ထံ၌ ဗတ္တိဇံခံရန်ရောက်လာကြသော လူထုပရိသတ်တို့အား “မြွေဆိုးအမျိုးတို့၊ ရောက်လာမည့်အမျက်တော်မှ ထွက်ပြေးရန် သင်တို့ကိုမည်သူသတိပေးခဲ့သနည်း။
8. သို့ဖြစ်၍ နောင်တနှင့်ထိုက်တန်သောအသီးကို သီးကြလော့။ ငါတို့တွင် အဖအာဗြဟံရှိသည်ဟူ၍ သင်တို့စိတ်ထဲ၌မပြောဆိုကြနှင့်။ သင်တို့အား ငါဆိုသည်ကား ဘုရားသခင်သည် အာဗြဟံအတွက် သားသမီးများကို ဤကျောက်ခဲတို့ထဲမှပေါ်ထွန်းစေနိုင်သည်။
9. ပုဆိန်ကိုလည်း သစ်ပင်တို့၏အမြစ်နားတွင် ချထားပြီဖြစ်၍ ကောင်းသောအသီးကိုမသီးသောအပင်တိုင်းသည် ခုတ်လှဲခြင်းခံရ၍ မီးထဲသို့ပစ်ချခြင်းခံရလိမ့်မည်”ဟု ဆိုလေ၏။