53. သင်တို့သည် နေ့တိုင်း ငါနှင့်အတူဗိမာန်တော်၌ရှိကြစဉ် ငါ့ကိုမဖမ်းကြ။ သို့သော် ဤသည်ကား သင်တို့၏အချိန်ဖြစ်ပြီး မှောင်မိုက်ခြင်း၏အခွင့်အာဏာဖြစ်၏”ဟု မိန့်တော်မူ၏။
54. ထို့နောက် သူတို့သည် ကိုယ်တော်ကိုဖမ်းဆီး၍ ဆွဲခေါ်သွားကာ ယဇ်ပုရောဟိတ်မင်း၏အိမ်သို့ ခေါ်ဆောင်လာကြ၏။ ပေတရုမူကား မလှမ်းမကမ်းမှလိုက်သွားလေ၏။
55. သူတို့သည် ခြံဝင်းအလယ်တွင် မီးဖို၍ စုဝေးလျက်ထိုင်နေကြသဖြင့် ပေတရုသည်လည်း သူတို့အကြား၌ထိုင်လေ၏။
56. ထိုအခါ အစေခံမိန်းမတစ်ဦးသည် မီးဖို၏အလင်း၌ထိုင်နေသော ပေတရုကိုမြင်၍ သူ့ကိုစေ့စေ့ကြည့်လျက် “ဤသူသည်လည်း ထိုသူ၏အပေါင်းအဖော်ဖြစ်သည်”ဟု ဆိုလေ၏။
57. သို့သော် ပေတရုက “အချင်းမိန်းမ၊ ထိုသူကိုငါမသိ”ဟု ငြင်းဆိုလေ၏။
58. ထို့နောက် ခဏကြာသော် အခြားသောသူတစ်ဦးသည် ပေတရုကိုမြင်၍ “သင်သည်လည်း သူတို့ထဲကတစ်ယောက်ဖြစ်သည်”ဟု ဆို၏။ သို့သော် ပေတရုက “အချင်းလူ၊ ငါသည် သူတို့ထဲကမဟုတ်”ဟု ဆိုလေ၏။
59. တစ်ဖန် တစ်နာရီခန့်ကြာသော် အခြားသောသူတစ်ဦးက “အမှန်စင်စစ် ဤသူသည်လည်း ထိုသူနှင့်အတူရှိခဲ့သည်။ အကြောင်းမူကား သူသည်လည်း ဂါလိလဲနယ်သားဖြစ်သည်”ဟု အခိုင်အမာပြောဆို၏။
60. သို့သော် ပေတရုက “အချင်းလူ၊ သင်ပြောနေသည့်အရာကို ငါမသိ”ဟု ဆို၏။ ထိုသို့ သူပြောနေသည့်အချိန်၌ပင် ကြက်တွန်လေ၏။
61. ထိုအခါ သခင်ဘုရားသည်လှည့်၍ ပေတရုကိုစူးစိုက်ကြည့်တော်မူ၏။ ပေတရုသည်လည်း “ယနေ့ပင် ကြက်မတွန်မီ သင်သည် ငါ့ကို သုံးကြိမ်တိုင်တိုင်ငြင်းပယ်လိမ့်မည်”ဟု မိန့်တော်မူခဲ့သော သခင်ဘုရား၏စကားတော်ကို ပြန်လည်သတိရသဖြင့်
62. အပြင်သို့ထွက်သွား၍ သည်းထန်စွာငိုကြွေးလေ၏။
63. ယေရှုကိုစောင့်ကြပ်နေသောသူတို့သည် ကိုယ်တော်ကိုပြောင်လှောင်၍ရိုက်နှက်ကြကာ
64. မျက်နှာတော်ကိုဖုံးအုပ်ပြီးလျှင် “သင့်အားမည်သူရိုက်သည်ကို ဟောကြည့်ပါ”ဟု ဆိုကြ၏။
65. ထို့ပြင် အခြားစကားအမျိုးမျိုးတို့ဖြင့် ကိုယ်တော်ကိုစော်ကားပြောဆိုကြ၏။