43. ထိုအခါ ကောင်းကင်မှ ကောင်းကင်တမန်တစ်ပါးသည် ကိုယ်တော်ထံသို့ထင်ရှား၍ ကိုယ်တော်ကိုအားပေးလေ၏။
44. ကိုယ်တော်သည် ပြင်းစွာသောဝေဒနာကိုခံစားလျက် ပို၍ပြင်းပြစွာဆုတောင်းတော်မူရာ ကိုယ်တော်၏ချွေးသည် မြေပေါ်သို့ကျသောသွေးစက်သဖွယ်ဖြစ်လေ၏။
45. ကိုယ်တော်သည် ဆုတောင်းရာမှထ၍ တပည့်တော်တို့ထံသို့ ပြန်လာသောအခါ သူတို့သည် ဝမ်းနည်းနွမ်းလျသဖြင့် အိပ်ပျော်နေကြသည်ကို တွေ့လျှင်
46. “အဘယ်ကြောင့်အိပ်ပျော်နေကြသနည်း။ ဖြားယောင်းသွေးဆောင်ရာထဲသို့ မကျရောက်စေရန် ထ၍ဆုတောင်းကြလော့”ဟု မိန့်တော်မူ၏။
47. ထိုသို့ ကိုယ်တော်မိန့်တော်မူစဉ် လူအစုအဝေးတို့သည်ရောက်လာကြ၏။ တစ်ဆယ့်နှစ်ပါးသောတပည့်တော်တို့ထဲမှ တစ်ပါးဖြစ်သော ယုဒဆိုသူသည် သူတို့ကိုဦးဆောင်လာ၍ ယေရှုကိုနမ်းရန် ချဉ်းကပ်လေ၏။
48. သို့သော် ယေရှုက “ယုဒ၊ သင်သည် လူ့သားကို အနမ်းဖြင့်အပ်နှံမည်လော”ဟု မေးတော်မူ၏။
49. ကိုယ်တော်၏အနီး၌ရှိသောသူတို့သည် ဖြစ်လာမည့်အရာကိုသိမြင်၍ “သခင်ဘုရား၊ အကျွန်ုပ်တို့ ဓားနှင့်ခုတ်ရမည်လော”ဟု မေးလျှောက်ကြပြီးလျှင်
50. သူတို့ထဲမှတစ်ယောက်သည် ယဇ်ပုရောဟိတ်မင်း၏အစေအပါးတစ်ဦးကိုခုတ်သဖြင့် ထိုသူ၏ယာဘက်နားရွက်ပြတ်သွားလေ၏။
51. ထိုအခါ ယေရှုက “ဤမျှနှင့်ရပ်လော့”ဟု မိန့်တော်မူပြီးလျှင် ထိုသူ၏နားရွက်ကို လက်တော်နှင့်တို့ထိလျက် အကောင်းပကတိဖြစ်စေတော်မူ၏။
52. ထို့နောက် ယေရှုသည် မိမိကိုဖမ်းဆီးရန်ရောက်လာကြသော ယဇ်ပုရောဟိတ်အကြီးအကဲများ၊ ဗိမာန်တော်အစောင့်တပ်မှူးများနှင့် သက်ကြီးဝါကြီးတို့အား “သင်တို့သည် ဓားပြကိုဖမ်းသကဲ့သို့ တုတ်၊ ဓားများကိုင်ဆောင်လျက် လာကြသလော။
53. သင်တို့သည် နေ့တိုင်း ငါနှင့်အတူဗိမာန်တော်၌ရှိကြစဉ် ငါ့ကိုမဖမ်းကြ။ သို့သော် ဤသည်ကား သင်တို့၏အချိန်ဖြစ်ပြီး မှောင်မိုက်ခြင်း၏အခွင့်အာဏာဖြစ်၏”ဟု မိန့်တော်မူ၏။
54. ထို့နောက် သူတို့သည် ကိုယ်တော်ကိုဖမ်းဆီး၍ ဆွဲခေါ်သွားကာ ယဇ်ပုရောဟိတ်မင်း၏အိမ်သို့ ခေါ်ဆောင်လာကြ၏။ ပေတရုမူကား မလှမ်းမကမ်းမှလိုက်သွားလေ၏။
55. သူတို့သည် ခြံဝင်းအလယ်တွင် မီးဖို၍ စုဝေးလျက်ထိုင်နေကြသဖြင့် ပေတရုသည်လည်း သူတို့အကြား၌ထိုင်လေ၏။
56. ထိုအခါ အစေခံမိန်းမတစ်ဦးသည် မီးဖို၏အလင်း၌ထိုင်နေသော ပေတရုကိုမြင်၍ သူ့ကိုစေ့စေ့ကြည့်လျက် “ဤသူသည်လည်း ထိုသူ၏အပေါင်းအဖော်ဖြစ်သည်”ဟု ဆိုလေ၏။
57. သို့သော် ပေတရုက “အချင်းမိန်းမ၊ ထိုသူကိုငါမသိ”ဟု ငြင်းဆိုလေ၏။
58. ထို့နောက် ခဏကြာသော် အခြားသောသူတစ်ဦးသည် ပေတရုကိုမြင်၍ “သင်သည်လည်း သူတို့ထဲကတစ်ယောက်ဖြစ်သည်”ဟု ဆို၏။ သို့သော် ပေတရုက “အချင်းလူ၊ ငါသည် သူတို့ထဲကမဟုတ်”ဟု ဆိုလေ၏။
59. တစ်ဖန် တစ်နာရီခန့်ကြာသော် အခြားသောသူတစ်ဦးက “အမှန်စင်စစ် ဤသူသည်လည်း ထိုသူနှင့်အတူရှိခဲ့သည်။ အကြောင်းမူကား သူသည်လည်း ဂါလိလဲနယ်သားဖြစ်သည်”ဟု အခိုင်အမာပြောဆို၏။
60. သို့သော် ပေတရုက “အချင်းလူ၊ သင်ပြောနေသည့်အရာကို ငါမသိ”ဟု ဆို၏။ ထိုသို့ သူပြောနေသည့်အချိန်၌ပင် ကြက်တွန်လေ၏။