18. သင်တို့အား ငါဆိုသည်ကား ယခုမှစ၍ ဘုရားသခင်၏နိုင်ငံတော်မပေါ်ထွန်းမီတိုင်အောင် စပျစ်သီးမှဖြစ်သောအရည်ကို ငါလုံးဝသောက်လိမ့်မည်မဟုတ်”ဟု မိန့်တော်မူ၏။
19. တစ်ဖန် မုန့်ကိုယူ၍ ကျေးဇူးတော်ချီးမွမ်းပြီးလျှင် မုန့်ကိုဖဲ့၍ သူတို့အားပေးလျက် “ဤမုန့်ကား သင်တို့အတွက်စွန့်သော ငါ၏ကိုယ်ခန္ဓာဖြစ်၏။ ငါ့ကိုအောက်မေ့ဖို့ရန် ဤသို့ပြုကြလော့”ဟု မိန့်တော်မူ၏။
20. ထိုနည်းတူ ညစာစားပြီးနောက် ခွက်ကိုလည်းယူ၍ “ဤခွက်ကား သင်တို့အတွက်သွန်းလောင်းသော ငါ၏သွေး၌တည်သည့် ပဋိညာဉ်သစ်ဖြစ်၏။
21. သို့သော် ငါ့ကိုအပ်နှံမည့်သူ၏လက်သည် ငါနှင့်အတူစားပွဲပေါ်၌ရှိ၏။
22. လူ့သားသည်ချမှတ်ထားခြင်းခံရသည့်အတိုင်း သွားရမည်မှန်၏။ သို့သော် လူ့သားကိုအပ်နှံသောသူသည် အမင်္ဂလာရှိ၏”ဟု မိန့်တော်မူ၏။
23. ထိုအခါ တပည့်တော်တို့သည် မိမိတို့တွင် မည်သူသည် ထိုသို့ပြုရန်ကြံရွယ်နေသနည်းဟု အချင်းချင်းမေးမြန်းကြ၏။
24. ထို့နောက် သူတို့တွင် မည်သူ့ကို အကြီးမြတ်ဆုံးဖြစ်သည်ဟု မှတ်ယူရမည်ကိုလည်း အချင်းချင်းအငြင်းပွားကြ၏။
25. သို့သော် ကိုယ်တော်က “လူမျိုးခြားတို့၏ဘုရင်များသည် ပြည်သူတို့အပေါ် အစိုးတရပြုတတ်ကြ၏။ လူတို့အပေါ်အာဏာရှိသောသူများသည်လည်း အများအကျိုးဆောင်သူဟု ခေါ်ဝေါ်ခြင်းကိုခံကြရ၏။
26. သင်တို့မူကား ထိုသို့မဖြစ်ရ။ သင်တို့တွင် အကြီးမြတ်ဆုံးဖြစ်သောသူသည် အငယ်ဆုံးသောသူကဲ့သို့ဖြစ်ရမည်။ ဦးဆောင်သောသူသည် လုပ်ကျွေးပြုစုသောသူကဲ့သို့ဖြစ်ရမည်။
27. စားပွဲ၌ထိုင်နေသောသူနှင့် လုပ်ကျွေးပြုစုသောသူတို့တွင် မည်သူသည် ပို၍ကြီးမြတ်သနည်း။ စားပွဲ၌ထိုင်နေသောသူမဟုတ်လော။ သို့သော် ငါသည် သင်တို့အလယ်တွင် လုပ်ကျွေးပြုစုသောသူကဲ့သို့ဖြစ်၏။
28. စုံစမ်းနှောင့်ယှက်ခြင်းများကိုငါခံရစဉ် သင်တို့သည် ငါနှင့်အတူရပ်တည်ခဲ့သောသူများဖြစ်ကြ၏။
29. ငါ၏ခမည်းတော်သည် နိုင်ငံတော်ကို ငါ့အားအပ်နှင်းတော်မူသကဲ့သို့ ငါသည်လည်း နိုင်ငံတော်ကို သင်တို့အားအပ်နှင်းသဖြင့်
30. သင်တို့သည် ငါ၏နိုင်ငံတော်၌ ငါ၏စားပွဲတွင်ထိုင်လျက် စားသောက်ကြရလိမ့်မည်။ ထို့ပြင် ပလ္လင်များပေါ်ထိုင်လျက် အစ္စရေးမျိုးနွယ်စုတစ်ဆယ့်နှစ်စုတို့ကို တရားစီရင်ကြရလိမ့်မည်။