35. ဤသည်ကား များစွာသောသူတို့၏စိတ်နှလုံးတွေးတောဆင်ခြင်မှုများသည် ထင်ရှားလာမည့်အကြောင်းတည်း။ သင်၏နှလုံးကိုလည်း သန်လျက်သည်ထိုးဖောက်လိမ့်မည်”ဟု ဆိုလေ၏။
36. ထိုနေရာ၌ အာရှာအနွယ်မှ ဖနွေလ၏သမီး၊ အန္နအမည်ရှိသော အသက်ကြီးရင့်သည့် ပရောဖက်မတစ်ဦးရှိ၏။ သူသည် ပျိုရွယ်သောအချိန်မှစ၍ ခင်ပွန်းနှင့်အတူ ခုနစ်နှစ်နေထိုင်ပြီးလျှင်
37. မုဆိုးမဖြစ်လျက် အသက်ရှစ်ဆယ့်လေးနှစ်ပင်ရှိပြီဖြစ်၏။ သူသည် ဗိမာန်တော်မှမခွာဘဲ ဆုတောင်းခြင်းနှင့် အစာရှောင်ခြင်းတို့ဖြင့် နေ့ညမပြတ် ဘုရားဝတ်ကိုပြုလျက်နေ၏။
38. သူသည်လည်း ထိုတစ်ချိန်တည်းမှာပင်ရောက်လာ၍ ဘုရားသခင်၏ကျေးဇူးတော်ကိုချီးမွမ်းကာ ဂျေရုဆလင်မြို့ရွေးနုတ်ကယ်တင်ခြင်းခံရမည်ကို စောင့်မျှော်နေသောသူအပေါင်းတို့အား ထိုသူငယ်၏အကြောင်းကိုပြောကြားလေ၏။
39. မိဘတို့သည် ထာဝရဘုရား၏ပညတ်တရားနှင့်အညီ အကုန်အစင်ပြုပြီးသောအခါ မိမိတို့နေရပ်မြို့ဖြစ်သော ဂါလိလဲနယ်ရှိ နာဇရက်မြို့သို့ပြန်သွားကြ၏။
40. သူငယ်သည်လည်းကြီးထွား၍ ကြံ့ခိုင်သန်စွမ်းလာကာ ဉာဏ်ပညာနှင့်ပြည့်စုံ၏။ ဘုရားသခင်၏ကျေးဇူးတော်သည်လည်း သူ့အပေါ်၌တည်လေ၏။
41. ယေရှု၏မိဘတို့သည် ပသခါပွဲတော်တွင် နှစ်တိုင်း ဂျေရုဆလင်မြို့သို့သွားလေ့ရှိကြ၏။
42. ယေရှုအသက်တစ်ဆယ့်နှစ်နှစ်ရှိသောအခါ၌လည်း သူတို့သည်ပွဲတော်၏ဓလေ့ထုံးစံအတိုင်း တက်သွားကြ၏။
43. ပွဲတော်ရက်များပြီးဆုံး၍ သူတို့ပြန်ကြသောအခါ သူငယ်ယေရှုသည် ဂျေရုဆလင်မြို့၌နေရစ်လေ၏။ မိဘတို့သည် မသိကြဘဲ
44. ခရီးသွားဖော်များကြားတွင် သူရှိနေမည်ဟုထင်မှတ်လျက် တစ်နေ့တာခရီးပြုကြ၏။ ထို့နောက် အဆွေအမျိုးအသိအကျွမ်းတို့ကြားတွင် လိုက်ရှာသော်လည်း
45. မတွေ့သဖြင့် သူ့ကိုလိုက်ရှာရင်း ဂျေရုဆလင်မြို့သို့ပြန်သွားကြ၏။
46. သုံးရက်ကြာသောအခါ ယေရှုသည် ဗိမာန်တော်၌ ဆရာများကြားတွင်ထိုင်၍ သူတို့ကိုနားထောင်လျက် မေးမြန်းလျက်နေသည်ကို မိဘတို့တွေ့ကြ၏။
47. ယေရှု၏စကားကိုကြားရသောသူအပေါင်းတို့သည် သူ၏ဉာဏ်စွမ်းနှင့် ဖြေကြားချက်များကို အံ့ဩငေးမောနေကြ၏။
48. မိဘတို့သည် သူ့ကိုတွေ့သောအခါ အံ့အားသင့်၍ မယ်တော်က “ငါ့သား၊ အဘယ်ကြောင့် ငါတို့အား ဤသို့ပြုရသနည်း။ သင့်ဖခင်နှင့်ငါသည် သင့်ကိုစိုးရိမ်တကြီးရှာခဲ့ရ၏”ဟု ဆိုလေ၏။
49. ယေရှုကလည်း “အဘယ်ကြောင့် အကျွန်ုပ်ကိုရှာကြသနည်း။ အကျွန်ုပ်သည် အကျွန်ုပ်ခမည်းတော်၏အိမ်၌နေရမည်ကို မသိကြသလော”ဟု သူတို့အားပြန်ပြောလေ၏။
50. သို့သော် မိဘတို့သည် မိမိတို့အား ယေရှုပြောသောစကားကို နားမလည်ကြချေ။
51. ထို့နောက် ယေရှုသည် မိဘတို့နှင့်အတူပြန်သွား၍ နာဇရက်မြို့သို့ရောက်သောအခါ သူတို့ကိုနာခံလျက်နေတော်မူ၏။ မယ်တော်မူကား ဤအကြောင်းအရာအလုံးစုံတို့ကို မိမိစိတ်နှလုံးထဲ၌မှတ်ကျုံးထားလေ၏။
52. ယေရှုသည် ကာယဉာဏကြီးထွားတိုးပွားလျက် ဘုရားသခင်ရှေ့၊ လူတို့ရှေ့၌ မျက်နှာရတော်မူ၏။