14. “အမြင့်ဆုံးသောအရပ်၌ ဘုရားသခင်သည် ဘုန်းကြီးတော်မူစေသတည်း။ မြေကြီးပေါ်၌လည်း နှစ်သက်တော်မူသောသူတို့အပေါ် ငြိမ်သက်ခြင်းရှိစေသတည်း”ဟု မြွက်ဆိုကြ၏။
15. ကောင်းကင်တမန်တို့သည် သူတို့ထံမှ ကောင်းကင်သို့ပြန်တက်သွားကြသောအခါ သိုးထိန်းတို့က “ငါတို့သည်ဗက်လင်မြို့သို့သွား၍ ငါတို့အား ထာဝရဘုရားဖော်ပြတော်မူသောအရာကို ကြည့်ရှုကြကုန်စို့”ဟု အချင်းချင်းပြောဆိုကြ၏။
16. ထို့နောက် သူတို့သည် အလျင်အမြန်သွား၍ မာရိနှင့် ယောသပ်ကိုလည်းကောင်း၊ နွားစားခွက်၌သိပ်ထားသောကလေးငယ်ကိုလည်းကောင်း တွေ့ကြ၏။
17. သူတို့ကိုတွေ့မြင်ကြပြီးနောက် သိုးထိန်းတို့သည် ထိုသူငယ်နှင့်ပတ်သက်၍ မိမိတို့အားမြွက်ဆိုတော်မူသောအရာကို အနှံ့အပြားပြောကြားကြ၏။
18. ကြားရသောသူအပေါင်းတို့သည်လည်း မိမိတို့အား သိုးထိန်းတို့ပြောဆိုသောအကြောင်းအရာများကြောင့် အံ့ဩကြ၏။
19. မာရိမူကား ဤအခြင်းအရာအလုံးစုံတို့ကို မိမိစိတ်နှလုံးထဲ၌မှတ်ကျုံး၍ စဉ်းစားဆင်ခြင်လျက်နေ၏။
20. သိုးထိန်းတို့သည် မိမိတို့အားမြွက်ဆိုထားသည့်အတိုင်း မြင်ရကြားရသဖြင့် ထိုအမှုအရာအားလုံးတို့အတွက် ဘုရားသခင်၏ဘုန်းတော်၊ ဂုဏ်တော်ကို ချီးမွမ်းလျက် ပြန်သွားကြ၏။
21. ရှစ်ရက်ပြည့်၍ သူငယ်အား အရေဖျားလှီးခြင်းပေးသောအခါ ဝမ်း၌သန္ဓေမတည်မီ ကောင်းကင်တမန်မှည့်ခေါ်ထားသည့်အတိုင်း သူ့ကို ယေရှုအမည်ဖြင့်မှည့်ခေါ်ကြ၏။
22. ထို့နောက် မောရှေ၏ပညတ်တရားကျမ်းအတိုင်း မိမိတို့အတွက် စင်ကြယ်ခြင်းဝတ်ကိုပြုရမည့်နေ့ရက်များစေ့သောအခါ မိဘတို့သည် သူငယ်ကို ထာဝရဘုရားထံဆက်ကပ်ရန် ဂျေရုဆလင်မြို့သို့ခေါ်ဆောင်သွားကြ၏။
23. ဤသည်ကား ထာဝရဘုရား၏ပညတ်တရားကျမ်းတွင် “သားဦးယောက်ျားအပေါင်းတို့ကို ထာဝရဘုရားအတွက် သန့်ရှင်းစေလျက် ဆက်ကပ်ထားရမည်”ဟု ရေးထားသည်နှင့်အညီဖြစ်၏။
24. ထို့ပြင် “ချိုးငှက်တစ်စုံ သို့မဟုတ် ခိုငယ်နှစ်ကောင်ကို ပူဇော်ရမည်”ဟု ထာဝရဘုရား၏ပညတ်တရားကျမ်း၌ ဖော်ပြထားသည့်အတိုင်း ယဇ်ပူဇော်ကြရန်အတွက်ဖြစ်၏။
25. ထိုအခါ၌ ဂျေရုဆလင်မြို့တွင် ရှိမောင်အမည်ရှိသောလူတစ်ဦးရှိ၏။ သူသည် ဘုရားတရားကြည်ညို၍ ဖြောင့်မတ်သောသူဖြစ်ပြီး အစ္စရေးလူမျိုးခံစားရမည့်နှစ်သိမ့်မှုကို စောင့်မျှော်နေသူဖြစ်၏။ သန့်ရှင်းသောဝိညာဉ်တော်သည် သူ့အပေါ်၌တည်သည်ဖြစ်၍
26. ထာဝရဘုရား၏ခရစ်တော်ကိုမမြင်ရမီ သေခြင်းနှင့်မကြုံရဟူသောဗျာဒိတ်တော်ကို သန့်ရှင်းသောဝိညာဉ်တော်အားဖြင့်ရရှိထား၏။
27. သူသည် ဝိညာဉ်တော်အားဖြင့် ဗိမာန်တော်သို့သွားရာ မိဘတို့သည် သူငယ်အတွက် ပညတ်တရား၏ထုံးတမ်းစဉ်လာအတိုင်းပြုရန် သူငယ်ယေရှုကိုခေါ်ဆောင်လာကြ၏။