5. သို့သော် ဤမုဆိုးမသည် ငါ့ကိုအနှောင့်အယှက်ပေးလှသည်ဖြစ်၍ သူ့အတွက် တရားသဖြင့်စီရင်ပေးမည်။ သို့မဟုတ်လျှင် သူသည် အဖန်ဖန်လာ၍ နောက်ဆုံး၌ ငါ့ကို ပင်ပန်းနွမ်းနယ်စေလိမ့်မည်’ဟု ဆိုလေ၏”ဟူ၍ မိန့်တော်မူ၏။
6. ထို့နောက် သခင်ဘုရားက “ထိုမတရားသောတရားသူကြီးပြောဆိုသည့်အရာကို ကြားကြသလော။
7. ဘုရားသခင်သည်လည်း မိမိထံ နေ့ညမပြတ်အော်ဟစ်တောင်းလျှောက်နေသည့် မိမိရွေးကောက်တော်မူသောသူတို့အတွက် တရားသဖြင့်မစီရင်ဘဲ ကြာရှည်စွာဆိုင်းထားတော်မူလိမ့်မည်လော။
8. သင်တို့အား ငါဆိုသည်ကား ဘုရားသခင်သည် သူတို့အတွက် တရားသဖြင့် လျင်မြန်စွာစီရင်ပေးတော်မူလိမ့်မည်။ သို့သော် လူ့သားကြွလာသောအခါ မြေကြီးပေါ်၌ ယုံကြည်ခြင်းကို တွေ့ရပါမည်လော”ဟု မိန့်တော်မူ၏။
9. မိမိကိုယ်ကိုဖြောင့်မတ်သည်ဟုယုံမှတ်လျက် သူတစ်ပါးတို့ကို မထီမဲ့မြင်ပြုတတ်သောသူအချို့တို့အား ကိုယ်တော်သည် ဤပုံဥပမာကိုပေး၍မြွက်ဆိုတော်မူသည်မှာ
10. “လူနှစ်ဦးတို့သည် ဆုတောင်းရန် ဗိမာန်တော်သို့တက်သွားကြ၏။ တစ်ဦးသည် ဖာရိရှဲဖြစ်ပြီး အခြားတစ်ဦးသည် အခွန်ကောက်ခံသူဖြစ်၏။
11. ဖာရိရှဲသည် တစ်ဦးတည်းရပ်လျက် ‘အို ဘုရားသခင်၊ အကျွန်ုပ်သည် အခြားသူများကဲ့သို့ လိမ်လည်လုယူသောသူ၊ မဖြောင့်မတ်သောသူ၊ အိမ်ထောင်ရေးဖောက်ပြန်မှုကျူးလွန်သောသူမဟုတ်သည့်အပြင် ဤအခွန်ကောက်ခံသူကဲ့သို့လည်း မဟုတ်သောကြောင့် ကိုယ်တော့်ကိုကျေးဇူးတင်ပါ၏။
12. အကျွန်ုပ်သည် တစ်ပတ်လျှင် နှစ်ကြိမ်အစာရှောင်ပြီး ရရှိသမျှအားလုံး၏ဆယ်ဖို့တစ်ဖို့ကိုလှူပါ၏’ဟု ဆုတောင်းလေ၏။
13. အခွန်ကောက်ခံသူမူကား အဝေး၌ရပ်လျက် ကောင်းကင်သို့ပင်မော်မကြည့်ဝံ့ဘဲ ရင်ဘတ်စည်တီးလျက် ‘အို ဘုရားသခင်၊ အပြစ်များသောအကျွန်ုပ်ကို သနားတော်မူပါ’ဟု ဆုတောင်း၏။
14. သင်တို့အား ငါဆိုသည်ကား ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရလျက် မိမိအိမ်သို့ပြန်သွားသောသူမှာ ဤအခွန်ကောက်ခံသူဖြစ်၍ ထိုဖာရိရှဲမဟုတ်။ အကြောင်းမူကား မိမိကိုယ်ကိုချီးမြှောက်သောသူတိုင်းသည် နှိမ့်ချခြင်းကိုခံရ၍ မိမိကိုယ်ကိုနှိမ့်ချသောသူသည် ချီးမြှောက်ခြင်းကိုခံရလိမ့်မည်”ဟု မိန့်တော်မူ၏။
15. ထိုအခါ ကိုယ်တော်တို့ထိပေးတော်မူရန် လူတို့သည် ကလေးငယ်များကို အထံတော်သို့ခေါ်ဆောင်လာကြ၏။ သို့သော် တပည့်တော်တို့မြင်လျှင် သူတို့ကိုဆူငေါက်ကြ၏။
16. သို့ရာတွင် ယေရှုသည် ထိုကလေးသူငယ်များကိုခေါ်၍ “ကလေးသူငယ်တို့ငါ့ထံသို့လာကြပါလေစေ။ သူတို့ကိုမတားဆီးကြနှင့်။ အကြောင်းမူကား ဘုရားသခင်၏နိုင်ငံတော်သည် ထိုသို့သောသူတို့၏နိုင်ငံဖြစ်၏။
17. သင်တို့အား ငါအမှန်ဆိုမည်။ ဘုရားသခင်၏နိုင်ငံတော်ကို သူငယ်တစ်ဦးကဲ့သို့လက်မခံသောသူသည် ထိုနိုင်ငံတော်သို့ မည်သည့်အခါမျှ ဝင်ရလိမ့်မည်မဟုတ်”ဟု မိန့်တော်မူ၏။
18. တစ်ခါက အကြီးအကဲတစ်ဦးသည် ကိုယ်တော်အား “ကောင်းမြတ်သောဆရာ၊ ထာဝရအသက်ကိုအမွေဆက်ခံရန် မည်သည့်အရာကို ပြုရပါမည်နည်း”ဟု မေးလျှောက်လေ၏။