7. သင်တို့တွင် လယ်လုပ်သောအစေအပါး သို့မဟုတ် သိုးကိုထိန်းကျောင်းသောအစေအပါးရှိ၍ ထိုအစေအပါးသည် လယ်မှပြန်လာသောအခါ ‘အလျင်အမြန်လာပြီး ထိုင်၍စားလော့’ဟု ဆိုမည့်သူရှိသလော။
8. ထိုသို့မဆိုဘဲ ‘ငါ့အတွက်စားစရာတစ်စုံတစ်ခုပြင်ဆင်၍ ငါစားသောက်ပြီးသည်အထိ ခါးစည်းလျက် ငါအလိုရှိရာကိုဆောင်ရွက်လော့။ ထို့နောက်မှ သင်သည် စားသောက်လော့’ဟု ဆိုမည်မဟုတ်လော။
9. အစေအပါးသည် စေခိုင်းထားသည့်အတိုင်းဆောင်ရွက်သောကြောင့် သခင်သည် သူ့ကိုကျေးဇူးတင်သလော။
10. ထိုနည်းတူ သင်တို့သည်လည်း သင်တို့အားစေခိုင်းသည့်အရာအားလုံးကို ဆောင်ရွက်ပြီးသောအခါ ‘အကျွန်ုပ်တို့သည် အကျိုးမပြုသောအစေအပါးများဖြစ်ကြပါ၏။ ဆောင်ရွက်ရမည့်အမှုကို ဆောင်ရွက်ခဲ့ခြင်းသာဖြစ်ပါ၏’ဟု ဆိုကြလော့”ဟူ၍ မိန့်တော်မူ၏။
11. ကိုယ်တော်သည် ဂျေရုဆလင်မြို့သို့ကြွတော်မူစဉ် ရှမာရိနယ်နှင့် ဂါလိလဲနယ်စပ်ကြားကို ဖြတ်သွားတော်မူ၏။
12. ရွာတစ်ရွာသို့ဝင်တော်မူသောအခါ အနာကြီးရောဂါသည်ဆယ်ဦးတို့သည် ကိုယ်တော်ကိုဆီးကြိုကြ၏။ သူတို့သည် အဝေး၌ရပ်လျက်
13. အသံကိုကျယ်စွာပြု၍ “သခင်ယေရှု၊ အကျွန်ုပ်တို့ကိုသနားတော်မူပါ”ဟု လျှောက်ကြ၏။
14. ကိုယ်တော်သည် သူတို့ကိုမြင်လျှင် “ယဇ်ပုရောဟိတ်များထံသို့သွား၍ မိမိတို့ကိုယ်ကို ပြကြလော့”ဟု မိန့်တော်မူ၏။ သူတို့သည်သွားနေစဉ်အတွင်းမှာပင် စင်ကြယ်ခြင်းသို့ရောက်ကြ၏။
15. သူတို့ထဲမှတစ်ဦးသည် မိမိအနာရောဂါပျောက်ကင်းသွားကြောင်းသိမြင်သောအခါ ကျယ်လောင်သောအသံဖြင့် ဘုရားသခင်၏ဘုန်းတော်ကိုချီးမွမ်းလျက် ပြန်လာကာ
16. ကိုယ်တော်၏ခြေတော်ရင်း၌ပျပ်ဝပ်၍ ကိုယ်တော်ကိုကျေးဇူးတင်၏။ ထိုသူသည် ရှမာရိနယ်သားဖြစ်၏။
17. ယေရှုကလည်း “စင်ကြယ်ခြင်းသို့ရောက်သောသူမှာ လူဆယ်ဦးမဟုတ်လော။ အခြားကိုးဦးကား အဘယ်မှာနည်း။