1. ထို့နောက် ကိုယ်တော်သည် တပည့်တော်တို့အား “မှားယွင်းစေသောအရာများသည် ဧကန်မုချသက်ရောက်မည်ဖြစ်၏။ သို့သော် ထိုအရာများကို သက်ရောက်စေသောသူသည် အမင်္ဂလာရှိ၏။
2. ထိုသူသည် ဤငယ်သောသူများထဲမှ တစ်စုံတစ်ဦးကို မှားယွင်းစေသည်ထက် ကြိတ်ဆုံကျောက်ကို မိမိလည်ပင်း၌ဆွဲလျက် ပင်လယ်ထဲသို့ပစ်ချခံရလျှင် သူ့အတွက် သာ၍ကောင်း၏။
3. သင်တို့သည် မိမိတို့ကိုယ်ကိုသတိထားကြလော့။ သင်၏ညီအစ်ကိုသည် သင့်ကိုပြစ်မှားလျှင် သူ့ကိုဆုံးမလော့။ သူသည်နောင်တရလျှင် သူ့ကိုခွင့်လွှတ်လော့။
4. တစ်နေ့အတွင်း သင့်ကိုခုနစ်ကြိမ်ပြစ်မှားလျက် သင့်ထံသို့ ခုနစ်ကြိမ်တိုင်တိုင်လာ၍ ‘အကျွန်ုပ်နောင်တရပါ၏’ဟု ဆိုလျှင် သူ့ကိုခွင့်လွှတ်ရမည်”ဟု မိန့်တော်မူ၏။
5. ထိုအခါ တမန်တော်တို့က သခင်ဘုရားအား “အကျွန်ုပ်တို့၏ယုံကြည်ခြင်းကို တိုးပွားစေတော်မူပါ”ဟု လျှောက်ကြ၏။
6. သခင်ဘုရားကလည်း “သင်တို့တွင် မုန်ညင်းနက်စေ့ခန့်မျှယုံကြည်ခြင်းရှိပါက ဤပိုးစာပင်အား ‘အမြစ်ပါကျွတ်၍ ပင်လယ်ထဲမှာစိုက်လျက်နေလော့’ဟု ပြောလျှင် ၎င်းသည် သင်တို့ကိုနာခံလိမ့်မည်။
7. သင်တို့တွင် လယ်လုပ်သောအစေအပါး သို့မဟုတ် သိုးကိုထိန်းကျောင်းသောအစေအပါးရှိ၍ ထိုအစေအပါးသည် လယ်မှပြန်လာသောအခါ ‘အလျင်အမြန်လာပြီး ထိုင်၍စားလော့’ဟု ဆိုမည့်သူရှိသလော။
8. ထိုသို့မဆိုဘဲ ‘ငါ့အတွက်စားစရာတစ်စုံတစ်ခုပြင်ဆင်၍ ငါစားသောက်ပြီးသည်အထိ ခါးစည်းလျက် ငါအလိုရှိရာကိုဆောင်ရွက်လော့။ ထို့နောက်မှ သင်သည် စားသောက်လော့’ဟု ဆိုမည်မဟုတ်လော။
9. အစေအပါးသည် စေခိုင်းထားသည့်အတိုင်းဆောင်ရွက်သောကြောင့် သခင်သည် သူ့ကိုကျေးဇူးတင်သလော။