21. သူသည် သူဌေး၏စားပွဲပေါ်မှကျသော အစာများကိုပင် ဝလင်စွာစားရရန် တောင့်တနေ၏။ ခွေးများသည်လည်း သူ၏အနာစိမ်းများကို လာ၍လျက်ကြ၏။
22. ထို့နောက် ထိုဆင်းရဲသားသည် သေလွန်သွားရာ ကောင်းကင်တမန်တို့သည် သူ့ကို အာဗြဟံ၏ရင်ခွင်ထဲသို့ ခေါ်ဆောင်သွားကြ၏။ သူဌေးသည်လည်း သေလွန်သဖြင့် သင်္ဂြိုဟ်ခြင်းကိုခံရ၏။
23. သူသည် မရဏာနိုင်ငံတွင် ဝေဒနာခံစားရလျက် မော်ကြည့်သောအခါ အာဗြဟံနှင့် သူ၏ရင်ခွင်ထဲ၌ရှိသော လာဇရုတို့ကို အဝေးမှမြင်ရလေ၏။
24. ထိုအခါ သူက ‘အဖအာဗြဟံ၊ အကျွန်ုပ်ကိုသနားပါ။ အကျွန်ုပ်သည် ဤမီးလျှံထဲတွင် ဝေဒနာပြင်းစွာခံစားနေရသောကြောင့် လာဇရုသည် သူ၏လက်ဖျားကိုရေ၌နှစ်၍ အကျွန်ုပ်၏လျှာကိုအေးစေရန် သူ့ကိုစေလွှတ်ပေးပါ’ဟု အော်ဟစ်ပြောဆိုလေ၏။
25. သို့သော် အာဗြဟံက ‘ငါ့သား၊ သင်သည်အသက်ရှင်စဉ်အခါ မိမိအတွက် ကောင်းသောအရာများကိုရရှိခဲ့၍ လာဇရုသည် မကောင်းသောအရာများကိုရရှိခဲ့ကြောင်း သတိရလော့။ ယခုမူကား သူသည်ဤနေရာတွင် နှစ်သိမ့်ခြင်းကိုခံစားရ၍ သင်သည် ဝေဒနာပြင်းစွာခံစားနေရ၏။
26. ထိုမျှမက သင်တို့နှင့်ငါတို့ကြားတွင် အလွန်နက်သောချောက်ကြီးရှိသဖြင့် ဤနေရာမှ သင်တို့ထံသို့လည်းကောင်း၊ သင်တို့နေရာမှ ငါတို့ထံသို့လည်းကောင်း ကူးလိုသော်လည်း မကူးနိုင်ကြ’ဟု ပြန်ပြောလေ၏။
27. သူဌေးကလည်း ‘အဖ၊ သို့ဖြစ်လျှင် လာဇရုကို အကျွန်ုပ်အဖေ၏အိမ်သို့ စေလွှတ်ပေးပါရန် အကျွန်ုပ်တောင်းပန်ပါ၏။
28. အကြောင်းမူကား အကျွန်ုပ်၌ ညီအစ်ကိုငါးဦးရှိပါ၏။ သူတို့သည် ဝေဒနာခံရာ ဤအရပ်သို့ မရောက်မည့်အကြောင်း သူတို့အား သွား၍သတိပေးစေလိုပါ၏’ဟု လျှောက်လေ၏။
29. သို့သော် အာဗြဟံက ‘သူတို့၌ မောရှေနှင့်ပရောဖက်များရှိကြ၏။ ထိုသူတို့၏စကားကို သူတို့နားထောင်ကြပါစေ’ဟု ဆို၏။
30. သူဌေးကလည်း ‘အဖအာဗြဟံ၊ ထိုသို့မဟုတ်ပါ။ သေသောသူတို့ထဲမှ တစ်စုံတစ်ယောက်သည် သူတို့ထံသို့သွားလျှင် သူတို့နောင်တရကြပါလိမ့်မည်’ဟု ဆို၏။
31. သို့သော် အာဗြဟံက ‘သူတို့သည် မောရှေနှင့်ပရောဖက်တို့၏စကားကိုနားမထောင်လျှင် တစ်စုံတစ်ယောက်သည် သေသောသူတို့ထဲမှ ထမြောက်လျှင်လည်း သူတို့ယုံကြည်ကြလိမ့်မည်မဟုတ်’ဟု ဆိုလေ၏”ဟူ၍ မိန့်တော်မူ၏။