1. ထို့နောက် ကိုယ်တော်သည် တပည့်တော်တို့အား မြွက်ဆိုတော်မူသည်မှာ “သူဌေးတစ်ဦးတွင် ဘဏ္ဍာစိုးတစ်ယောက်ရှိ၏။ ထိုဘဏ္ဍာစိုးသည် သူဌေး၏ဥစ္စာပစ္စည်းများကိုဖြုန်းတီးနေကြောင်း တိုင်ကြားသူရှိသဖြင့်
2. သူဌေးသည် ဘဏ္ဍာစိုးကိုခေါ်၍ ‘သင့်အကြောင်း ငါကြားရသည့်အရာမှာ မည်သို့နည်း။ သင့်ကို ဘဏ္ဍာစိုးအရာ၌ ဆက်၍မထားနိုင်သောကြောင့် သင်၏စီမံခန့်ခွဲမှုစာရင်းကို တင်ပြလော့’ဟု ဆို၏။
3. ထိုအခါ ဘဏ္ဍာစိုးက ‘ငါမည်သို့ပြုရမည်နည်း။ ငါ့သခင်သည် ငါ့ကိုဘဏ္ဍာစိုးအရာမှဖယ်ရှားလေပြီ။ ငါသည် မြေတူးရန်အားမရှိ။ တောင်းစားရန်လည်းရှက်၏။
4. ဘဏ္ဍာစိုးအရာမှ ငါ့ကိုဖယ်ရှားသောအခါ လူတို့သည် သူတို့၏အိမ်၌ ငါ့ကိုလက်ခံကြစေရန် မည်သို့ပြုရမည်ကို ငါသိပြီ’ဟု မိမိစိတ်ထဲ၌ဆိုလေ၏။
5. ထို့နောက် မိမိသခင်ထံအကြွေးတင်သူတို့ကို တစ်ဦးစီခေါ်၍ ပထမလူအား ‘သင်သည် ငါ့သခင်ထံ အကြွေးမည်မျှရှိသနည်း’ဟု မေးလေ၏။
6. ထိုသူက ‘ဆီအပုံးတစ်ရာရှိပါသည်’ဟု ပြန်ပြောလျှင် ဘဏ္ဍာစိုးက ‘သင်၏စာရင်းကိုယူ၍ ထိုင်ပြီး ပုံးငါးဆယ်ဟူ၍ အမြန်ရေးလော့’ဟု ဆို၏။
7. တစ်ဖန် အခြားသူတစ်ယောက်အား ‘သင်သည်လည်း အကြွေးမည်မျှရှိသနည်း’ဟု မေးလျှင် ထိုသူက ‘ဂျုံဆန်အိတ်တစ်ရာရှိပါသည်’ဟု ဆို၏။ ဘဏ္ဍာစိုးကလည်း ‘သင်၏စာရင်းကိုယူ၍ အိတ်ရှစ်ဆယ်ဟူ၍ရေးလော့’ဟု ဆိုလေ၏။
8. ထိုအခါ သခင်သည် မတရားသောဘဏ္ဍာစိုး၏ ပါးနပ်သည့်လုပ်ဆောင်မှုအတွက် သူ့ကိုချီးမွမ်းလေ၏။ အကြောင်းမူကား ဤလောက၏သားသမီးများသည် မိမိတို့ခေတ်ကာလလူတို့နှင့်ဆက်ဆံရာတွင် အလင်း၏သားသမီးများထက် လိမ္မာပါးနပ်ကြ၏။
9. တစ်ဖန် သင်တို့အား ငါဆိုမည်။ မတရားမှုမကင်းသောလောကီစည်းစိမ်အားဖြင့် မိမိတို့အတွက် မိတ်ဆွေများရအောင်ပြုကြလော့။ သို့ပြုလျှင် ထိုစည်းစိမ်များကုန်ဆုံးသောအခါ သူတို့သည် သင်တို့ကို ထာဝရနေထိုင်ရာအရပ်၌လက်ခံကြလိမ့်မည်။
10. သေးငယ်သောအမှု၌ သစ္စာရှိသောသူသည် ကြီးသောအမှု၌လည်း သစ္စာရှိ၏။ သေးငယ်သောအမှု၌ မဖြောင့်မတ်သောသူသည် ကြီးသောအမှု၌လည်း မဖြောင့်မတ်ပေ။
11. သို့ဖြစ်၍ သင်တို့သည် မဖြောင့်မတ်သောလောကီစည်းစိမ်၌ သစ္စာမရှိကြလျှင် စစ်မှန်သောစည်းစိမ်ကို မည်သူက သင်တို့၌ ယုံကြည်အပ်နှံထားမည်နည်း။
12. သင်တို့သည် သူတစ်ပါး၏ဥစ္စာ၌ သစ္စာမရှိကြလျှင် မည်သူသည် သင်တို့ပိုင်ဆိုင်ရန်ဥစ္စာကို သင်တို့အားပေးမည်နည်း။
13. မည်သည့်အစေခံမျှ သခင်နှစ်ဦးကို အစေခံ၍မရနိုင်။ အကြောင်းမူကား သူသည် တစ်ဦးကိုမုန်း၍ တစ်ဦးကိုချစ်လိမ့်မည်။ သို့မဟုတ် တစ်ဦးကိုသစ္စာစောင့်၍ တစ်ဦးကိုမထီမဲ့မြင်ပြုလိမ့်မည်။ သင်တို့သည် ဘုရားသခင်နှင့်လောကီစည်းစိမ်တို့ကို တစ်ပြိုင်တည်းအစေခံ၍မရနိုင်ကြ”ဟု မိန့်တော်မူ၏။
14. ငွေကိုတပ်မက်သောဖာရိရှဲတို့သည် ဤအရာအားလုံးကိုကြားလျှင် ကိုယ်တော်ကိုပြက်ရယ်ပြုကြ၏။
15. သို့သော် ကိုယ်တော်က “သင်တို့သည် လူတို့ရှေ့၌ မိမိတို့ကိုယ်ကိုဖြောင့်မတ်ကြောင်း ဖော်ပြတတ်သူများဖြစ်ကြ၏။ သို့ရာတွင် ဘုရားသခင်သည် သင်တို့၏စိတ်နှလုံးကိုသိတော်မူ၏။ လူတို့အမြတ်တနိုးထားသောအရာသည် ဘုရားသခင်၏ရှေ့တော်၌ ရွံရှာဖွယ်ဖြစ်၏။
16. ပညတ်တရားကျမ်းနှင့် ပရောဖက်ကျမ်းများသည် ယောဟန်လက်ထက်တိုင်အောင်ဖြစ်၏။ ထိုအချိန်မှစ၍ ဘုရားသခင်၏နိုင်ငံတော်နှင့်ဆိုင်သည့် ကောင်းမြတ်သောသတင်းကိုဟောပြောကြ၏။ လူအပေါင်းတို့သည်လည်း ထိုနိုင်ငံတော်ထဲသို့ အတင်းတိုးဝင်ကြ၏။