Myanmar Standard Bible

ရှင်​လု​ကာ​ခ​ရစ်​ဝင် 16:1-15 Myanmar Standard Bible (MSB)

1. ထို့​နောက် ကိုယ်​တော်​သည် တ​ပည့်​တော်​တို့​အား မြွက်​ဆို​တော်​မူ​သည်​မှာ “သူ​ဌေး​တစ်​ဦး​တွင် ဘဏ္ဍာ​စိုး​တစ်​ယောက်​ရှိ​၏။ ထို​ဘဏ္ဍာ​စိုး​သည် သူ​ဌေး​၏​ဥစ္စာ​ပစ္စည်း​များ​ကို​ဖြုန်း​တီး​နေ​ကြောင်း တိုင်​ကြား​သူ​ရှိ​သ​ဖြင့်

2. သူ​ဌေး​သည် ဘဏ္ဍာ​စိုး​ကို​ခေါ်​၍ ‘သင့်​အ​ကြောင်း ငါ​ကြား​ရ​သည့်​အ​ရာ​မှာ မည်​သို့​နည်း။ သင့်​ကို ဘဏ္ဍာ​စိုး​အ​ရာ​၌ ဆက်​၍​မ​ထား​နိုင်​သော​ကြောင့် သင်​၏​စီ​မံ​ခန့်​ခွဲ​မှု​စာ​ရင်း​ကို တင်​ပြ​လော့’​ဟု ဆို​၏။

3. ထို​အ​ခါ ဘဏ္ဍာ​စိုး​က ‘ငါ​မည်​သို့​ပြု​ရ​မည်​နည်း။ ငါ့​သ​ခင်​သည် ငါ့​ကို​ဘဏ္ဍာ​စိုး​အ​ရာ​မှ​ဖယ်​ရှား​လေ​ပြီ။ ငါ​သည် မြေ​တူး​ရန်​အား​မ​ရှိ။ တောင်း​စား​ရန်​လည်း​ရှက်​၏။

4. ဘဏ္ဍာ​စိုး​အ​ရာ​မှ ငါ့​ကို​ဖယ်​ရှား​သော​အ​ခါ လူ​တို့​သည် သူ​တို့​၏​အိမ်​၌ ငါ့​ကို​လက်​ခံ​ကြ​စေ​ရန် မည်​သို့​ပြု​ရ​မည်​ကို ငါ​သိ​ပြီ’​ဟု မိ​မိ​စိတ်​ထဲ​၌​ဆို​လေ​၏။

5. ထို့​နောက် မိ​မိ​သ​ခင်​ထံ​အ​ကြွေး​တင်​သူ​တို့​ကို တစ်​ဦး​စီ​ခေါ်​၍ ပ​ထ​မ​လူ​အား ‘သင်​သည် ငါ့​သ​ခင်​ထံ အ​ကြွေး​မည်​မျှ​ရှိ​သ​နည်း’​ဟု မေး​လေ​၏။

6. ထို​သူ​က ‘ဆီ​အ​ပုံး​တစ်​ရာ​ရှိ​ပါ​သည်’​ဟု ပြန်​ပြော​လျှင် ဘဏ္ဍာ​စိုး​က ‘သင်​၏​စာ​ရင်း​ကို​ယူ​၍ ထိုင်​ပြီး ပုံး​ငါး​ဆယ်​ဟူ​၍ အ​မြန်​ရေး​လော့’​ဟု ဆို​၏။

7. တစ်​ဖန် အ​ခြား​သူ​တစ်​ယောက်​အား ‘သင်​သည်​လည်း အ​ကြွေး​မည်​မျှ​ရှိ​သ​နည်း’​ဟု မေး​လျှင် ထို​သူ​က ‘ဂျုံ​ဆန်​အိတ်​တစ်​ရာ​ရှိ​ပါ​သည်’​ဟု ဆို​၏။ ဘဏ္ဍာ​စိုး​က​လည်း ‘သင်​၏​စာ​ရင်း​ကို​ယူ​၍ အိတ်​ရှစ်​ဆယ်​ဟူ​၍​ရေး​လော့’​ဟု ဆို​လေ​၏။

8. ထို​အ​ခါ သ​ခင်​သည် မ​တ​ရား​သော​ဘဏ္ဍာ​စိုး​၏ ပါး​နပ်​သည့်​လုပ်​ဆောင်​မှု​အ​တွက် သူ့​ကို​ချီး​မွမ်း​လေ​၏။ အ​ကြောင်း​မူ​ကား ဤ​လော​က​၏​သား​သ​မီး​များ​သည် မိ​မိ​တို့​ခေတ်​ကာ​လ​လူ​တို့​နှင့်​ဆက်​ဆံ​ရာ​တွင် အ​လင်း​၏​သား​သ​မီး​များ​ထက် လိမ္မာ​ပါး​နပ်​ကြ​၏။

9. တစ်​ဖန် သင်​တို့​အား ငါ​ဆို​မည်။ မ​တ​ရား​မှု​မ​ကင်း​သော​လော​ကီ​စည်း​စိမ်​အား​ဖြင့် မိ​မိ​တို့​အ​တွက် မိတ်​ဆွေ​များ​ရ​အောင်​ပြု​ကြ​လော့။ သို့​ပြု​လျှင် ထို​စည်း​စိမ်​များ​ကုန်​ဆုံး​သော​အ​ခါ သူ​တို့​သည် သင်​တို့​ကို ထာ​ဝ​ရ​နေ​ထိုင်​ရာ​အ​ရပ်​၌​လက်​ခံ​ကြ​လိမ့်​မည်။

10. သေး​ငယ်​သော​အ​မှု​၌ သစ္စာ​ရှိ​သော​သူ​သည် ကြီး​သော​အ​မှု​၌​လည်း သစ္စာ​ရှိ​၏။ သေး​ငယ်​သော​အ​မှု​၌ မ​ဖြောင့်​မတ်​သော​သူ​သည် ကြီး​သော​အ​မှု​၌​လည်း မ​ဖြောင့်​မတ်​ပေ။

11. သို့​ဖြစ်​၍ သင်​တို့​သည် မ​ဖြောင့်​မတ်​သော​လော​ကီ​စည်း​စိမ်​၌ သစ္စာ​မ​ရှိ​ကြ​လျှင် စစ်​မှန်​သော​စည်း​စိမ်​ကို မည်​သူ​က သင်​တို့​၌ ယုံ​ကြည်​အပ်​နှံ​ထား​မည်​နည်း။

12. သင်​တို့​သည် သူ​တစ်​ပါး​၏​ဥစ္စာ​၌ သစ္စာ​မ​ရှိ​ကြ​လျှင် မည်​သူ​သည် သင်​တို့​ပိုင်​ဆိုင်​ရန်​ဥစ္စာ​ကို သင်​တို့​အား​ပေး​မည်​နည်း။

13. မည်​သည့်​အ​စေ​ခံ​မျှ သ​ခင်​နှစ်​ဦး​ကို အ​စေ​ခံ​၍​မ​ရ​နိုင်။ အ​ကြောင်း​မူ​ကား သူ​သည် တစ်​ဦး​ကို​မုန်း​၍ တစ်​ဦး​ကို​ချစ်​လိမ့်​မည်။ သို့​မ​ဟုတ် တစ်​ဦး​ကို​သစ္စာ​စောင့်​၍ တစ်​ဦး​ကို​မ​ထီ​မဲ့​မြင်​ပြု​လိမ့်​မည်။ သင်​တို့​သည် ဘု​ရား​သ​ခင်​နှင့်​လော​ကီ​စည်း​စိမ်​တို့​ကို တစ်​ပြိုင်​တည်း​အ​စေ​ခံ​၍​မ​ရ​နိုင်​ကြ”​ဟု မိန့်​တော်​မူ​၏။

14. ငွေ​ကို​တပ်​မက်​သော​ဖာ​ရိ​ရှဲ​တို့​သည် ဤ​အ​ရာ​အား​လုံး​ကို​ကြား​လျှင် ကိုယ်​တော်​ကို​ပြက်​ရယ်​ပြု​ကြ​၏။

15. သို့​သော် ကိုယ်​တော်​က “သင်​တို့​သည် လူ​တို့​ရှေ့​၌ မိ​မိ​တို့​ကိုယ်​ကို​ဖြောင့်​မတ်​ကြောင်း ဖော်​ပြ​တတ်​သူ​များ​ဖြစ်​ကြ​၏။ သို့​ရာ​တွင် ဘု​ရား​သ​ခင်​သည် သင်​တို့​၏​စိတ်​နှ​လုံး​ကို​သိ​တော်​မူ​၏။ လူ​တို့​အ​မြတ်​တ​နိုး​ထား​သော​အ​ရာ​သည် ဘု​ရား​သ​ခင်​၏​ရှေ့​တော်​၌ ရွံ​ရှာ​ဖွယ်​ဖြစ်​၏။