6. သူတို့သည် ဤအရာများနှင့်ပတ်သက်ပြီး တုံ့ပြန်ပြောဆို၍မရနိုင်ကြချေ။
7. ဖိတ်ခေါ်ခြင်းခံရသောသူတို့သည် အထူးနေရာများရွေးချယ်နေကြပုံကို ကိုယ်တော်မြင်တော်မူလျှင် ထိုသူတို့အား ပုံဥပမာတစ်ခုမြွက်ဆိုတော်မူသည်မှာ
8. “တစ်စုံတစ်ယောက်သည် သင့်ကို မင်္ဂလာဆောင်ပွဲသို့ ဖိတ်ခေါ်သောအခါ အထူးနေရာ၌မထိုင်နှင့်။ သူသည် သင့်ထက်ဂုဏ်သရေရှိသောသူကို ဖိတ်ထားကောင်းဖိတ်ထားလိမ့်မည်။
9. ထိုအခါ သင်တို့နှစ်ဦးစလုံးကိုဖိတ်ခေါ်ထားသောသူသည် သင့်ထံသို့လာ၍ ‘သင့်နေရာကို ဤသူအားပေးလိုက်ပါ’ဟု ဆိုလျှင် သင်သည် အရှက်ရလျက် နောက်ဆုံးနေရာကိုယူရလိမ့်မည်။
10. ထို့ကြောင့် ဖိတ်ခေါ်ခြင်းခံရသောအခါ နောက်ဆုံးနေရာသို့ သွား၍ထိုင်လော့။ သို့ပြုလျှင် သင့်ကိုဖိတ်ခေါ်ထားသောသူသည်လာ၍ ‘မိတ်ဆွေ ရှေ့သို့ကြွပါ’ဟု သင့်အားဆိုလိမ့်မည်။ ထိုအခါ သင်သည် သင်နှင့်အတူထိုင်နေသောသူအားလုံးတို့ရှေ့၌ ဂုဏ်သရေရှိလိမ့်မည်။
11. အကြောင်းမူကား မိမိကိုယ်ကိုချီးမြှောက်သောသူတိုင်းသည် နှိမ့်ချခြင်းကိုခံရ၍ မိမိကိုယ်ကိုနှိမ့်ချသောသူသည် ချီးမြှောက်ခြင်းကိုခံရလိမ့်မည်”ဟု မိန့်တော်မူ၏။
12. ထို့နောက် ကိုယ်တော်သည် မိမိကိုဖိတ်ခေါ်ထားသောသူအား “သင်သည် ဧည့်ခံပွဲ သို့မဟုတ် ညစာစားပွဲကိုကျင်းပသောအခါ သင်၏မိတ်ဆွေများ၊ ညီအစ်ကိုများ၊ ဆွေမျိုးများနှင့် ချမ်းသာသောအိမ်နီးချင်းများကို မဖိတ်နှင့်။ ထိုသို့ဖိတ်လျှင် သူတို့သည်လည်း သင့်ကိုပြန်ဖိတ်၍ ကျေးဇူးတုံ့ပြန်ကြလိမ့်မည်။
13. သို့သော် ဧည့်ခံပွဲကျင်းပသောအခါ ဆင်းရဲသားများ၊ အင်္ဂါချို့တဲ့သူများ၊ ခြေမသန်စွမ်းသူများနှင့် မျက်မမြင်များကို ဖိတ်ခေါ်လော့။
14. သို့ပြုလျှင် သူတို့သည် သင့်အားကျေးဇူးမတုံ့ပြန်နိုင်ကြသောကြောင့် သင်သည် မင်္ဂလာရှိလိမ့်မည်။ ဖြောင့်မတ်သောသူတို့၏ရှင်ပြန်ထမြောက်ရာကာလ၌ သင်သည် ကျေးဇူးတုံ့ပြန်ခြင်းကို အမှန်ပင်ခံရလိမ့်မည်”ဟု မိန့်တော်မူ၏။
15. ကိုယ်တော်နှင့်အတူထိုင်နေသောသူတစ်ဦးသည် ထိုစကားတော်တို့ကိုကြားလျှင် “ဘုရားသခင်၏နိုင်ငံတော်တွင် စားသောက်ပွဲ၌ပါဝင်ရသောသူသည် မင်္ဂလာရှိ၏”ဟု လျှောက်လေ၏။
16. ကိုယ်တော်ကလည်း “လူတစ်ဦးသည် ညစာစားပွဲကြီးတစ်ခုကိုပြင်ဆင်လျက် လူများစွာတို့ကိုဖိတ်ခေါ်ထား၏။
17. ပွဲအချိန်ရောက်သောအခါ ဖိတ်ခေါ်ထားသူများထံသို့ မိမိအစေအပါးကိုစေလွှတ်လျက် ‘ယခုအဆင်သင့်ဖြစ်ပြီဖြစ်၍ ကြွကြပါ’ဟု ပြောကြားစေ၏။
18. ထိုအခါ အားလုံးတို့သည် မလာနိုင်ကြောင်း တညီတညွတ်တည်းဆင်ခြေပေးကြ၏။ ပထမလူက ‘အကျွန်ုပ်သည် လယ်တစ်ကွက်ဝယ်ထားသည်ဖြစ်၍ ထိုလယ်ကို မဖြစ်မနေသွားကြည့်ရပါမည်။ အကျွန်ုပ်ကိုခွင့်လွှတ်ရန် တောင်းပန်ပါသည်’ဟု ဆိုလေ၏။
19. အခြားတစ်ဦးကလည်း ‘အကျွန်ုပ်သည် နွားငါးရှဉ်းကိုဝယ်ထားသည်ဖြစ်၍ ထိုနွားတို့ကိုစမ်းသပ်ရန် သွားရတော့မည်။ အကျွန်ုပ်ကိုခွင့်လွှတ်ရန် တောင်းပန်ပါသည်’ဟု ဆိုလေ၏။
20. နောက်တစ်ဦးကလည်း ‘အကျွန်ုပ်သည် မိန်းမနှင့်ထိမ်းမြားစုံဖက်ပြီဖြစ်၍ မလာနိုင်ပါ’ဟု ဆို၏။
21. အစေအပါးသည် ပြန်လာ၍ ထိုအကြောင်းအရာများကို မိမိသခင်အားကြားလျှောက်လေ၏။ ထိုအခါ အိမ်ရှင်သည် အမျက်ထွက်၍ မိမိအစေအပါးအား ‘မြို့ထဲရှိ လမ်းမ၊ လမ်းကြားများထဲသို့ အမြန်သွား၍ ဆင်းရဲသားများ၊ အင်္ဂါချို့တဲ့သူများ၊ ခြေမသန်စွမ်းသူများနှင့် မျက်မမြင်များကို ဤနေရာသို့ခေါ်ခဲ့လော့’ဟု ဆို၏။