1. တစ်နေ့သောဥပုသ်နေ့၌ ကိုယ်တော်သည် အစားအစာသုံးဆောင်ရန် ဖာရိရှဲအကြီးအကဲတစ်ဦး၏အိမ်သို့ဝင်တော်မူလျှင် သူတို့သည် ကိုယ်တော်ကိုစောင့်ကြည့်နေကြ၏။
2. ကိုယ်တော်၏ရှေ့၌ ရေဖျဉ်းစွဲသောသူတစ်ဦးရှိ၏။
3. ယေရှုက ကျမ်းတတ်ပုဂ္ဂိုလ်များနှင့် ဖာရိရှဲတို့အား “ဥပုသ်နေ့၌ အနာရောဂါကိုငြိမ်းစေခြင်းသည် တရားတော်နှင့်ညီသလော သို့မဟုတ် မညီသလော”ဟု မေးတော်မူ၏။
4. သို့သော် သူတို့သည် တိတ်ဆိတ်စွာနေကြ၏။ ကိုယ်တော်သည် ထိုလူနာကို ခေါ်၍ အနာရောဂါပျောက်ကင်းစေပြီးလျှင် ပြန်လွှတ်တော်မူ၏။
5. ထို့နောက် ထိုသူတို့အား “သင်တို့တွင် မိမိသား သို့မဟုတ် နွားသည် ဥပုသ်နေ့၌ ရေတွင်းထဲသို့ကျခဲ့လျှင် မည်သူသည်ချက်ချင်းမဆွဲတင်ဘဲနေမည်နည်း”ဟု မိန့်တော်မူ၏။
6. သူတို့သည် ဤအရာများနှင့်ပတ်သက်ပြီး တုံ့ပြန်ပြောဆို၍မရနိုင်ကြချေ။
7. ဖိတ်ခေါ်ခြင်းခံရသောသူတို့သည် အထူးနေရာများရွေးချယ်နေကြပုံကို ကိုယ်တော်မြင်တော်မူလျှင် ထိုသူတို့အား ပုံဥပမာတစ်ခုမြွက်ဆိုတော်မူသည်မှာ
8. “တစ်စုံတစ်ယောက်သည် သင့်ကို မင်္ဂလာဆောင်ပွဲသို့ ဖိတ်ခေါ်သောအခါ အထူးနေရာ၌မထိုင်နှင့်။ သူသည် သင့်ထက်ဂုဏ်သရေရှိသောသူကို ဖိတ်ထားကောင်းဖိတ်ထားလိမ့်မည်။
9. ထိုအခါ သင်တို့နှစ်ဦးစလုံးကိုဖိတ်ခေါ်ထားသောသူသည် သင့်ထံသို့လာ၍ ‘သင့်နေရာကို ဤသူအားပေးလိုက်ပါ’ဟု ဆိုလျှင် သင်သည် အရှက်ရလျက် နောက်ဆုံးနေရာကိုယူရလိမ့်မည်။
10. ထို့ကြောင့် ဖိတ်ခေါ်ခြင်းခံရသောအခါ နောက်ဆုံးနေရာသို့ သွား၍ထိုင်လော့။ သို့ပြုလျှင် သင့်ကိုဖိတ်ခေါ်ထားသောသူသည်လာ၍ ‘မိတ်ဆွေ ရှေ့သို့ကြွပါ’ဟု သင့်အားဆိုလိမ့်မည်။ ထိုအခါ သင်သည် သင်နှင့်အတူထိုင်နေသောသူအားလုံးတို့ရှေ့၌ ဂုဏ်သရေရှိလိမ့်မည်။
11. အကြောင်းမူကား မိမိကိုယ်ကိုချီးမြှောက်သောသူတိုင်းသည် နှိမ့်ချခြင်းကိုခံရ၍ မိမိကိုယ်ကိုနှိမ့်ချသောသူသည် ချီးမြှောက်ခြင်းကိုခံရလိမ့်မည်”ဟု မိန့်တော်မူ၏။
12. ထို့နောက် ကိုယ်တော်သည် မိမိကိုဖိတ်ခေါ်ထားသောသူအား “သင်သည် ဧည့်ခံပွဲ သို့မဟုတ် ညစာစားပွဲကိုကျင်းပသောအခါ သင်၏မိတ်ဆွေများ၊ ညီအစ်ကိုများ၊ ဆွေမျိုးများနှင့် ချမ်းသာသောအိမ်နီးချင်းများကို မဖိတ်နှင့်။ ထိုသို့ဖိတ်လျှင် သူတို့သည်လည်း သင့်ကိုပြန်ဖိတ်၍ ကျေးဇူးတုံ့ပြန်ကြလိမ့်မည်။
13. သို့သော် ဧည့်ခံပွဲကျင်းပသောအခါ ဆင်းရဲသားများ၊ အင်္ဂါချို့တဲ့သူများ၊ ခြေမသန်စွမ်းသူများနှင့် မျက်မမြင်များကို ဖိတ်ခေါ်လော့။
14. သို့ပြုလျှင် သူတို့သည် သင့်အားကျေးဇူးမတုံ့ပြန်နိုင်ကြသောကြောင့် သင်သည် မင်္ဂလာရှိလိမ့်မည်။ ဖြောင့်မတ်သောသူတို့၏ရှင်ပြန်ထမြောက်ရာကာလ၌ သင်သည် ကျေးဇူးတုံ့ပြန်ခြင်းကို အမှန်ပင်ခံရလိမ့်မည်”ဟု မိန့်တော်မူ၏။
15. ကိုယ်တော်နှင့်အတူထိုင်နေသောသူတစ်ဦးသည် ထိုစကားတော်တို့ကိုကြားလျှင် “ဘုရားသခင်၏နိုင်ငံတော်တွင် စားသောက်ပွဲ၌ပါဝင်ရသောသူသည် မင်္ဂလာရှိ၏”ဟု လျှောက်လေ၏။