5. သင်တို့ကြောက်ရမည့်သူကို သင်တို့အား ငါပြောပြမည်။ ကိုယ်ခန္ဓာကိုသတ်ပြီးနောက် ငရဲထဲသို့ပစ်ချပိုင်ခွင့်ရှိသောသူကို ကြောက်ကြလော့။ မှန်ပေ၏။ ထိုသူကိုကြောက်ကြလော့ဟု သင်တို့အား ငါဆို၏။
6. စာကလေးငါးကောင်ကို အဿရိနှစ်ပြားနှင့်ရောင်းသည်မဟုတ်လော။ သို့ရာတွင် ထိုစာကလေးတစ်ကောင်ကိုမျှ ဘုရားသခင်မေ့လျော့တော်မမူ။
7. သင်တို့ဦးခေါင်းမှဆံပင်ရှိသမျှကိုပင် ရေတွက်ထားတော်မူ၏။ မကြောက်ကြနှင့်။ သင်တို့သည် စာကလေးများစွာတို့ထက်အဖိုးထိုက်ကြ၏။
8. သင်တို့အား ငါဆိုသည်ကား မည်သူမဆို လူတို့ရှေ့၌ ငါ့ကိုဝန်ခံလျှင် လူ့သားသည်လည်း ဘုရားသခင်၏ကောင်းကင်တမန်တို့ရှေ့၌ ထိုသူကို ဝန်ခံမည်။
9. သို့သော် လူတို့ရှေ့၌ ငါ့ကိုငြင်းပယ်သောသူသည် ဘုရားသခင်၏ကောင်းကင်တမန်တို့ရှေ့၌ ငြင်းပယ်ခြင်းခံရလိမ့်မည်။
10. လူ့သားအပေါ်ဆန့်ကျင်သည့်စကားကို ပြောဆိုသောသူအားလုံး ခွင့်လွှတ်ခြင်းခံရမည်ဖြစ်သော်လည်း သန့်ရှင်းသောဝိညာဉ်တော်ကို စော်ကားပြောဆိုသောသူသည် ခွင့်လွှတ်ခြင်းခံရမည်မဟုတ်။
11. လူတို့သည် သင်တို့ကို ဝတ်ပြုစည်းဝေးကျောင်းများသို့လည်းကောင်း၊ အုပ်ချုပ်သူများနှင့် အာဏာပိုင်များရှေ့သို့လည်းကောင်း ခေါ်ဆောင်သွားကြသောအခါ မည်သည့်အရာကို မည်ကဲ့သို့ချေပရမည်နည်း။ သို့မဟုတ် မည်သည့်အရာကို ပြောဆိုရမည်နည်းဟူ၍ မစိုးရိမ်ကြနှင့်။
12. အကြောင်းမူကား သန့်ရှင်းသောဝိညာဉ်တော်သည် ပြောဆိုရမည့်အရာတို့ကို ထိုအချိန်နာရီ၌ပင် သင်တို့အားသွန်သင်ပေးတော်မူလိမ့်မည်”ဟု မိန့်တော်မူ၏။
13. ထိုအခါ လူထုပရိသတ်ထဲမှ တစ်စုံတစ်ဦးက ကိုယ်တော်အား “ဆရာ၊ အကျွန်ုပ်ကိုအမွေခွဲဝေပေးရန် အကျွန်ုပ်၏အစ်ကိုအား အမိန့်ရှိတော်မူပါ”ဟု လျှောက်လေ၏။
14. သို့သော် ကိုယ်တော်က “အချင်းလူ၊ သင်တို့ကိုတရားစီရင်သူ သို့မဟုတ် သင်တို့၏ခုံလူကြီးအဖြစ် မည်သူသည် ငါ့ကိုခန့်ထားသနည်း”ဟု သူ့အားမိန့်တော်မူ၏။
15. ထို့နောက် လူတို့အား “လောဘလွန်ကျူးခြင်းအမျိုးမျိုးကို သတိပြု၍ရှောင်ကြဉ်ကြလော့။ အကြောင်းမူကား လူ၏အသက်သည် သူ၏ဥစ္စာပစ္စည်းကြွယ်ဝမှုအပေါ်၌တည်သည်မဟုတ်”ဟု မိန့်တော်မူ၏။
16. တစ်ဖန် သူတို့အား ပုံဥပမာတစ်ခုမြွက်ဆိုတော်မူသည်မှာ “သူဌေးတစ်ဦးသည် မိမိလယ်ကွင်းမှအသီးအနှံကောင်းစွာထွက်သဖြင့်
17. ‘ငါ၏အသီးအနှံများကိုသိုထားရန် နေရာမရှိ။ ငါသည် မည်သို့ပြုရမည်နည်း’ဟု မိမိစိတ်ထဲ၌တွေးတောဆင်ခြင်လေ၏။
18. ထို့နောက် သူက ‘ငါဤသို့ပြုမည်။ ငါ့ကျီများကိုဖျက်၍ ပိုမိုကြီးမားသောကျီများကိုဆောက်ပြီးလျှင် ငါ၏ဂျုံဆန်နှင့်ကောင်းသောအရာရှိသမျှတို့ကို ထိုနေရာတွင် စုသိမ်းထားမည်။
19. ငါ၏ဝိညာဉ်ကိုလည်း အချင်းဝိညာဉ်၊ ကောင်းသောအရာအမြောက်အမြားတို့ကို နှစ်ပေါင်းများစွာအတွက် သိုမှီးထားလျက်ရှိပြီ။ အနားယူလော့။ စားသောက်ပျော်မွေ့လော့ဟူ၍ ငါပြောမည်’ဟု ဆိုလေ၏။
20. သို့သော် ဘုရားသခင်သည် ထိုသူအား ‘အချင်းလူမိုက်၊ ဤည၌ပင် သင့်ဝိညာဉ်ကို သင့်ထံမှရုပ်သိမ်းကြလိမ့်မည်။ သို့ဖြစ်လျှင် သင်ပြင်ဆင်ထားသောအရာများသည် မည်သူ့ဥစ္စာဖြစ်လိမ့်မည်နည်း’ဟု မိန့်တော်မူ၏။
21. မိမိအတွက် ဥစ္စာများကိုသိုမှီးထားသော်လည်း ဘုရားသခင်၏ရှေ့တော်၌ ကြွယ်ဝခြင်းမရှိသောသူသည် ဤသူဌေးနှင့်တူ၏”ဟု မိန့်တော်မူ၏။
22. ထို့နောက် ကိုယ်တော်သည် တပည့်တော်တို့အား မြွက်ဆိုတော်မူသည်မှာ “သို့ဖြစ်၍ သင်တို့အား ငါဆိုမည်။ အသက်ရှင်ရေးအတွက် မည်သည့်အရာကိုစားရမည်နည်းဟူ၍လည်းကောင်း၊ ကိုယ်ခန္ဓာအတွက် မည်သည့်အရာကိုဝတ်ရမည်နည်းဟူ၍လည်းကောင်း မစိုးရိမ်ကြနှင့်။
23. အကြောင်းမူကား အသက်သည် အစာထက် အရေးကြီး၏။ ကိုယ်ခန္ဓာသည်လည်း အဝတ်ထက် အရေးကြီး၏။