Myanmar Standard Bible

ရှင်​လု​ကာ​ခ​ရစ်​ဝင် 12:33-44 Myanmar Standard Bible (MSB)

33. သင်​တို့​၏​ဥစ္စာ​ပစ္စည်း​များ​ကို​ရောင်း​၍ ပေး​ကမ်း​စွန့်​ကြဲ​ကြ​လော့။ မိ​မိ​တို့​အ​တွက် မ​ဟောင်း​နွမ်း​နိုင်​သော ပိုက်​ဆံ​အိတ်​များ​ကို​ပြု​လုပ်​ကြ​၍ သူ​ခိုး​မ​ကပ်၊ ပိုး​မွှား​လည်း​မ​ဖျက်​ဆီး​ရာ ကောင်း​ကင်​ဘုံ​၌ မ​ကုန်​ခန်း​နိုင်​သော​ဥစ္စာ​ဘဏ္ဍာ​ကို သို​မှီး​ကြ​လော့။

34. အ​ကြောင်း​မူ​ကား သင်​တို့​၏​ဥစ္စာ​ဘဏ္ဍာ​ရှိ​သော​နေ​ရာ​၌ သင်​တို့​၏​စိတ်​နှ​လုံး​လည်း​ရောက်​တတ်​၏။

35. သင်​တို့​သည် ခါး​ကို​စည်း​လျက် ဆီ​မီး​တို့​ကို​ထွန်း​ထား​ကြ​လော့။

36. မိ​မိ​တို့​၏​သ​ခင်​သည် မင်္ဂ​လာ​ဆောင်​ပွဲ​မှ​ပြန်​လာ​၍ တံ​ခါး​ခေါက်​သော​အ​ခါ သူ့​အ​တွက် ချက်​ချင်း​တံ​ခါး​ဖွင့်​ပေး​နိုင်​ရန် သ​ခင်​ကို​စောင့်​နေ​သူ​များ​ကဲ့​သို့​ဖြစ်​ကြ​လော့။

37. သ​ခင်​ပြန်​လာ​သော​အ​ခါ သ​တိ​နှင့်​စောင့်​နေ​ကြ​သည်​ကို သ​ခင်​တွေ့​ရ​သော​အ​စေ​အ​ပါး​တို့​သည် မင်္ဂ​လာ​ရှိ​ကြ​၏။ သင်​တို့​အား ငါ​အ​မှန်​ဆို​သည်​ကား သ​ခင်​သည် မိ​မိ​ခါး​ကို​စည်း​လျက် သူ​တို့​ကို​ထိုင်​စေ​ပြီး​လျှင် အ​နား​သို့​လာ​၍ သူ​တို့​ကို​လုပ်​ကျွေး​ပြု​စု​လိမ့်​မည်။

38. သ​ခင်​သည် ညဥ့်​နက်​အ​ချိန်​၌​ဖြစ်​စေ၊ သန်း​ခေါင်​ကျော်​အ​ချိန်​၌​ဖြစ်​စေ ပြန်​လာ​၍ ထို​သို့​စောင့်​နေ​ကြ​သည်​ကို​တွေ့​မြင်​လျှင် သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ​၏။

39. အိမ်​ရှင်​သည် သူ​ခိုး​လာ​မည့်​အ​ချိန်​ကို​သိ​ထား​လျှင် မိ​မိ​အိမ်​ကို ဖောက်​ထွင်း​ခွင့်​ပြု​မည်​မ​ဟုတ်​ကြောင်း သိ​မှတ်​ကြ​လော့။

40. လူ့​သား​သည် သင်​တို့​မ​ထင်​မှတ်​သော​အ​ချိန်​၌ ကြွ​လာ​မည်​ဖြစ်​၍ သင်​တို့​သည်​လည်း အ​သင့်​ရှိ​နေ​ကြ​လော့”​ဟု မိန့်​တော်​မူ​၏။

41. ထို​အ​ခါ ပေ​တ​ရု​က “သ​ခင်​ဘု​ရား၊ ဤ​ပုံ​ဥ​ပ​မာ​ကို အ​ကျွန်ုပ်​တို့​အ​တွက်​မိန့်​တော်​မူ​သ​လော သို့​မ​ဟုတ် လူ​အ​ပေါင်း​တို့​အ​တွက်​ပါ မိန့်​တော်​မူ​သ​လော”​ဟု မေး​လျှောက်​၏။

42. သ​ခင်​ဘု​ရား​က​လည်း “မိ​မိ​အိမ်​သူ​အိမ်​သား​များ​အား အ​ချိန်​တန်​သော​အ​ခါ အ​စား​အ​စာ​များ​စီ​စဉ်​ပေး​ရန် သူ​တို့​အ​ပေါ်​သ​ခင်​ခန့်​ထား​သည့် သစ္စာ​နှင့်​ပ​ညာ​သ​တိ​ရှိ​သော​အ​စေ​အ​ပါး​ခေါင်း​ဆောင်​ကား မည်​သူ​နည်း။

43. မိ​မိ​သ​ခင်​ပြန်​လာ​သော​အ​ခါ ထို​သို့​ဆောင်​ရွက်​နေ​သည်​ကို သ​ခင်​တွေ့​ရ​သော​အ​စေ​အ​ပါး​သည် မင်္ဂ​လာ​ရှိ​၏။

44. သင်​တို့​အား ငါ​အ​မှန်​ဆို​သည်​ကား သ​ခင်​သည် မိ​မိ​၏​ဥစ္စာ​ပစ္စည်း​ရှိ​သ​မျှ​ကို သူ့​အား​ကြီး​ကြပ်​စောင့်​ရှောက်​စေ​လိမ့်​မည်။