27. နှင်းပန်းများ မည်ကဲ့သို့ကြီးထွားကြသည်ကို ဆင်ခြင်ကြလော့။ ၎င်းတို့သည် အလုပ်လည်းမလုပ်။ ဗိုင်းလည်းမငင်ကြချေ။ သို့သော် သင်တို့အား ငါဆိုမည်။ မိမိ၏ဘုန်းအသရေဖြင့်ပြည့်ဝလျက်ရှိသော ရှောလမုန်ပင်လျှင် ဤနှင်းပန်းတစ်ပွင့်ကဲ့သို့ မဆင်မြန်းခဲ့ရပေ။
28. ယုံကြည်ခြင်းအားနည်းသောသူတို့၊ ယနေ့ရှင်သန်လျက်ရှိသော်လည်း မနက်ဖြန်မီးဖိုထဲသို့ပစ်ချခံရမည့် တောမြက်ပင်ကိုပင် ဘုရားသခင်သည် ဤမျှလောက်ဆင်ယင်ပေးတော်မူလျှင် သင်တို့ကို မည်မျှပို၍ဆင်ယင်ပေးတော်မူလိမ့်မည်နည်း။
29. ထို့ကြောင့် သင်တို့သည် မည်သည့်အရာကိုစားရမည်နည်း၊ မည်သည့်အရာကိုသောက်ရမည်နည်းဟု မရှာကြံကြနှင့်။ စိုးရိမ်ပူပန်ခြင်းလည်းမရှိကြနှင့်။
30. အကြောင်းမူကား ဤလောကရှိ လူမျိုးခြားအပေါင်းတို့သည် ဤအရာများကို ကြိုးစားရှာဖွေတတ်ကြ၏။ သို့သော် သင်တို့အဖသည် ဤအရာများကို သင်တို့လိုအပ်ကြောင်း သိတော်မူ၏။
31. သို့ဖြစ်၍ ဘုရားသခင်၏နိုင်ငံတော်ကိုရှာကြလော့။ ထိုအခါ ဤအရာများကို သင်တို့အား ထပ်လောင်း၍ပေးတော်မူလိမ့်မည်။
32. သိုးစုငယ်၊ မကြောက်နှင့်။ အကြောင်းမူကား သင်တို့အဖသည် သင်တို့အား နိုင်ငံတော်ပေးရသည်ကို နှစ်သက်တော်မူ၏။
33. သင်တို့၏ဥစ္စာပစ္စည်းများကိုရောင်း၍ ပေးကမ်းစွန့်ကြဲကြလော့။ မိမိတို့အတွက် မဟောင်းနွမ်းနိုင်သော ပိုက်ဆံအိတ်များကိုပြုလုပ်ကြ၍ သူခိုးမကပ်၊ ပိုးမွှားလည်းမဖျက်ဆီးရာ ကောင်းကင်ဘုံ၌ မကုန်ခန်းနိုင်သောဥစ္စာဘဏ္ဍာကို သိုမှီးကြလော့။
34. အကြောင်းမူကား သင်တို့၏ဥစ္စာဘဏ္ဍာရှိသောနေရာ၌ သင်တို့၏စိတ်နှလုံးလည်းရောက်တတ်၏။
35. သင်တို့သည် ခါးကိုစည်းလျက် ဆီမီးတို့ကိုထွန်းထားကြလော့။
36. မိမိတို့၏သခင်သည် မင်္ဂလာဆောင်ပွဲမှပြန်လာ၍ တံခါးခေါက်သောအခါ သူ့အတွက် ချက်ချင်းတံခါးဖွင့်ပေးနိုင်ရန် သခင်ကိုစောင့်နေသူများကဲ့သို့ဖြစ်ကြလော့။
37. သခင်ပြန်လာသောအခါ သတိနှင့်စောင့်နေကြသည်ကို သခင်တွေ့ရသောအစေအပါးတို့သည် မင်္ဂလာရှိကြ၏။ သင်တို့အား ငါအမှန်ဆိုသည်ကား သခင်သည် မိမိခါးကိုစည်းလျက် သူတို့ကိုထိုင်စေပြီးလျှင် အနားသို့လာ၍ သူတို့ကိုလုပ်ကျွေးပြုစုလိမ့်မည်။
38. သခင်သည် ညဥ့်နက်အချိန်၌ဖြစ်စေ၊ သန်းခေါင်ကျော်အချိန်၌ဖြစ်စေ ပြန်လာ၍ ထိုသို့စောင့်နေကြသည်ကိုတွေ့မြင်လျှင် သူတို့သည် မင်္ဂလာရှိကြ၏။
39. အိမ်ရှင်သည် သူခိုးလာမည့်အချိန်ကိုသိထားလျှင် မိမိအိမ်ကို ဖောက်ထွင်းခွင့်ပြုမည်မဟုတ်ကြောင်း သိမှတ်ကြလော့။
40. လူ့သားသည် သင်တို့မထင်မှတ်သောအချိန်၌ ကြွလာမည်ဖြစ်၍ သင်တို့သည်လည်း အသင့်ရှိနေကြလော့”ဟု မိန့်တော်မူ၏။
41. ထိုအခါ ပေတရုက “သခင်ဘုရား၊ ဤပုံဥပမာကို အကျွန်ုပ်တို့အတွက်မိန့်တော်မူသလော သို့မဟုတ် လူအပေါင်းတို့အတွက်ပါ မိန့်တော်မူသလော”ဟု မေးလျှောက်၏။