22. ထို့နောက် ကိုယ်တော်သည် တပည့်တော်တို့အား မြွက်ဆိုတော်မူသည်မှာ “သို့ဖြစ်၍ သင်တို့အား ငါဆိုမည်။ အသက်ရှင်ရေးအတွက် မည်သည့်အရာကိုစားရမည်နည်းဟူ၍လည်းကောင်း၊ ကိုယ်ခန္ဓာအတွက် မည်သည့်အရာကိုဝတ်ရမည်နည်းဟူ၍လည်းကောင်း မစိုးရိမ်ကြနှင့်။
23. အကြောင်းမူကား အသက်သည် အစာထက် အရေးကြီး၏။ ကိုယ်ခန္ဓာသည်လည်း အဝတ်ထက် အရေးကြီး၏။
24. ကျီးကန်းများကိုကြည့်ရှုဆင်ခြင်ကြလော့။ ၎င်းတို့သည် မျိုးကြဲခြင်းမရှိ။ ရိတ်သိမ်းခြင်းလည်းမရှိ။ သိုလှောင်ရုံများနှင့် ကျီများလည်းမရှိ။ သို့သော် ဘုရားသခင်သည် ၎င်းတို့ကိုကျွေးမွေးတော်မူ၏။ သင်တို့သည် ငှက်တို့ထက် များစွာအဖိုးထိုက်ကြ၏။
25. သင်တို့တွင် မည်သူသည် စိုးရိမ်သောအားဖြင့် မိမိ၏အသက်ကို တစ်တောင်ခန့်မျှ ပို၍ရှည်စေနိုင်သနည်း။
26. ထိုသို့ သေးငယ်သောအမှုကိုပင် မတတ်နိုင်ကြလျှင် အဘယ်ကြောင့် အခြားသောအမှုများအတွက် စိုးရိမ်ကြသနည်း။
27. နှင်းပန်းများ မည်ကဲ့သို့ကြီးထွားကြသည်ကို ဆင်ခြင်ကြလော့။ ၎င်းတို့သည် အလုပ်လည်းမလုပ်။ ဗိုင်းလည်းမငင်ကြချေ။ သို့သော် သင်တို့အား ငါဆိုမည်။ မိမိ၏ဘုန်းအသရေဖြင့်ပြည့်ဝလျက်ရှိသော ရှောလမုန်ပင်လျှင် ဤနှင်းပန်းတစ်ပွင့်ကဲ့သို့ မဆင်မြန်းခဲ့ရပေ။
28. ယုံကြည်ခြင်းအားနည်းသောသူတို့၊ ယနေ့ရှင်သန်လျက်ရှိသော်လည်း မနက်ဖြန်မီးဖိုထဲသို့ပစ်ချခံရမည့် တောမြက်ပင်ကိုပင် ဘုရားသခင်သည် ဤမျှလောက်ဆင်ယင်ပေးတော်မူလျှင် သင်တို့ကို မည်မျှပို၍ဆင်ယင်ပေးတော်မူလိမ့်မည်နည်း။
29. ထို့ကြောင့် သင်တို့သည် မည်သည့်အရာကိုစားရမည်နည်း၊ မည်သည့်အရာကိုသောက်ရမည်နည်းဟု မရှာကြံကြနှင့်။ စိုးရိမ်ပူပန်ခြင်းလည်းမရှိကြနှင့်။
30. အကြောင်းမူကား ဤလောကရှိ လူမျိုးခြားအပေါင်းတို့သည် ဤအရာများကို ကြိုးစားရှာဖွေတတ်ကြ၏။ သို့သော် သင်တို့အဖသည် ဤအရာများကို သင်တို့လိုအပ်ကြောင်း သိတော်မူ၏။