12. အကြောင်းမူကား သန့်ရှင်းသောဝိညာဉ်တော်သည် ပြောဆိုရမည့်အရာတို့ကို ထိုအချိန်နာရီ၌ပင် သင်တို့အားသွန်သင်ပေးတော်မူလိမ့်မည်”ဟု မိန့်တော်မူ၏။
13. ထိုအခါ လူထုပရိသတ်ထဲမှ တစ်စုံတစ်ဦးက ကိုယ်တော်အား “ဆရာ၊ အကျွန်ုပ်ကိုအမွေခွဲဝေပေးရန် အကျွန်ုပ်၏အစ်ကိုအား အမိန့်ရှိတော်မူပါ”ဟု လျှောက်လေ၏။
14. သို့သော် ကိုယ်တော်က “အချင်းလူ၊ သင်တို့ကိုတရားစီရင်သူ သို့မဟုတ် သင်တို့၏ခုံလူကြီးအဖြစ် မည်သူသည် ငါ့ကိုခန့်ထားသနည်း”ဟု သူ့အားမိန့်တော်မူ၏။
15. ထို့နောက် လူတို့အား “လောဘလွန်ကျူးခြင်းအမျိုးမျိုးကို သတိပြု၍ရှောင်ကြဉ်ကြလော့။ အကြောင်းမူကား လူ၏အသက်သည် သူ၏ဥစ္စာပစ္စည်းကြွယ်ဝမှုအပေါ်၌တည်သည်မဟုတ်”ဟု မိန့်တော်မူ၏။
16. တစ်ဖန် သူတို့အား ပုံဥပမာတစ်ခုမြွက်ဆိုတော်မူသည်မှာ “သူဌေးတစ်ဦးသည် မိမိလယ်ကွင်းမှအသီးအနှံကောင်းစွာထွက်သဖြင့်
17. ‘ငါ၏အသီးအနှံများကိုသိုထားရန် နေရာမရှိ။ ငါသည် မည်သို့ပြုရမည်နည်း’ဟု မိမိစိတ်ထဲ၌တွေးတောဆင်ခြင်လေ၏။
18. ထို့နောက် သူက ‘ငါဤသို့ပြုမည်။ ငါ့ကျီများကိုဖျက်၍ ပိုမိုကြီးမားသောကျီများကိုဆောက်ပြီးလျှင် ငါ၏ဂျုံဆန်နှင့်ကောင်းသောအရာရှိသမျှတို့ကို ထိုနေရာတွင် စုသိမ်းထားမည်။
19. ငါ၏ဝိညာဉ်ကိုလည်း အချင်းဝိညာဉ်၊ ကောင်းသောအရာအမြောက်အမြားတို့ကို နှစ်ပေါင်းများစွာအတွက် သိုမှီးထားလျက်ရှိပြီ။ အနားယူလော့။ စားသောက်ပျော်မွေ့လော့ဟူ၍ ငါပြောမည်’ဟု ဆိုလေ၏။
20. သို့သော် ဘုရားသခင်သည် ထိုသူအား ‘အချင်းလူမိုက်၊ ဤည၌ပင် သင့်ဝိညာဉ်ကို သင့်ထံမှရုပ်သိမ်းကြလိမ့်မည်။ သို့ဖြစ်လျှင် သင်ပြင်ဆင်ထားသောအရာများသည် မည်သူ့ဥစ္စာဖြစ်လိမ့်မည်နည်း’ဟု မိန့်တော်မူ၏။
21. မိမိအတွက် ဥစ္စာများကိုသိုမှီးထားသော်လည်း ဘုရားသခင်၏ရှေ့တော်၌ ကြွယ်ဝခြင်းမရှိသောသူသည် ဤသူဌေးနှင့်တူ၏”ဟု မိန့်တော်မူ၏။
22. ထို့နောက် ကိုယ်တော်သည် တပည့်တော်တို့အား မြွက်ဆိုတော်မူသည်မှာ “သို့ဖြစ်၍ သင်တို့အား ငါဆိုမည်။ အသက်ရှင်ရေးအတွက် မည်သည့်အရာကိုစားရမည်နည်းဟူ၍လည်းကောင်း၊ ကိုယ်ခန္ဓာအတွက် မည်သည့်အရာကိုဝတ်ရမည်နည်းဟူ၍လည်းကောင်း မစိုးရိမ်ကြနှင့်။
23. အကြောင်းမူကား အသက်သည် အစာထက် အရေးကြီး၏။ ကိုယ်ခန္ဓာသည်လည်း အဝတ်ထက် အရေးကြီး၏။
24. ကျီးကန်းများကိုကြည့်ရှုဆင်ခြင်ကြလော့။ ၎င်းတို့သည် မျိုးကြဲခြင်းမရှိ။ ရိတ်သိမ်းခြင်းလည်းမရှိ။ သိုလှောင်ရုံများနှင့် ကျီများလည်းမရှိ။ သို့သော် ဘုရားသခင်သည် ၎င်းတို့ကိုကျွေးမွေးတော်မူ၏။ သင်တို့သည် ငှက်တို့ထက် များစွာအဖိုးထိုက်ကြ၏။
25. သင်တို့တွင် မည်သူသည် စိုးရိမ်သောအားဖြင့် မိမိ၏အသက်ကို တစ်တောင်ခန့်မျှ ပို၍ရှည်စေနိုင်သနည်း။
26. ထိုသို့ သေးငယ်သောအမှုကိုပင် မတတ်နိုင်ကြလျှင် အဘယ်ကြောင့် အခြားသောအမှုများအတွက် စိုးရိမ်ကြသနည်း။
27. နှင်းပန်းများ မည်ကဲ့သို့ကြီးထွားကြသည်ကို ဆင်ခြင်ကြလော့။ ၎င်းတို့သည် အလုပ်လည်းမလုပ်။ ဗိုင်းလည်းမငင်ကြချေ။ သို့သော် သင်တို့အား ငါဆိုမည်။ မိမိ၏ဘုန်းအသရေဖြင့်ပြည့်ဝလျက်ရှိသော ရှောလမုန်ပင်လျှင် ဤနှင်းပန်းတစ်ပွင့်ကဲ့သို့ မဆင်မြန်းခဲ့ရပေ။
28. ယုံကြည်ခြင်းအားနည်းသောသူတို့၊ ယနေ့ရှင်သန်လျက်ရှိသော်လည်း မနက်ဖြန်မီးဖိုထဲသို့ပစ်ချခံရမည့် တောမြက်ပင်ကိုပင် ဘုရားသခင်သည် ဤမျှလောက်ဆင်ယင်ပေးတော်မူလျှင် သင်တို့ကို မည်မျှပို၍ဆင်ယင်ပေးတော်မူလိမ့်မည်နည်း။
29. ထို့ကြောင့် သင်တို့သည် မည်သည့်အရာကိုစားရမည်နည်း၊ မည်သည့်အရာကိုသောက်ရမည်နည်းဟု မရှာကြံကြနှင့်။ စိုးရိမ်ပူပန်ခြင်းလည်းမရှိကြနှင့်။