Myanmar Standard Bible

ရှင်​လု​ကာ​ခ​ရစ်​ဝင် 11:37-46 Myanmar Standard Bible (MSB)

37. ထို​သို့​မိန့်​တော်​မူ​ပြီး​သော​အ​ခါ ဖာ​ရိ​ရှဲ​တစ်​ဦး​သည် မိ​မိ​နှင့်​အ​တူ​စား​သောက်​တော်​မူ​ရန် ကိုယ်​တော်​ကို​ဖိတ်​ခေါ်​သ​ဖြင့် သူ​၏​အိမ်​သို့​ဝင်​၍ စား​ပွဲ​၌​ထိုင်​တော်​မူ​၏။

38. သို့​သော် အ​စာ​မ​သုံး​ဆောင်​မီ ဦး​စွာ​ဆေး​ကြော​ခြင်း​ပြု​တော်​မ​မူ​သည်​ကို ထို​ဖာ​ရိ​ရှဲ​သည်​မြင်​၍ အံ့​သြ​လေ​၏။

39. သ​ခင်​ဘု​ရား​က​လည်း “သင်​တို့​ဖာ​ရိ​ရှဲ​များ​သည် ခွက်​နှင့်​လင်​ပန်း​တို့​၏​အ​ပြင်​ဘက်​ကို စင်​ကြယ်​စေ​ကြ​သော်​လည်း သင်​တို့​အ​တွင်း​၌​ကား မ​တ​ရား​လု​ယူ​ခြင်း​နှင့်​ဆိုး​ညစ်​ခြင်း​တို့​ဖြင့် ပြည့်​နှက်​လျက်​ရှိ​၏။

40. မိုက်​မဲ​သော​သူ​တို့၊ အ​ပြင်​ဘက်​ကို​ဖန်​ဆင်း​တော်​မူ​သော​အ​ရှင်​သည် အ​တွင်း​ဘက်​ကို​လည်း ဖန်​ဆင်း​တော်​မူ​သည်​မ​ဟုတ်​လော။

41. သို့​ဖြစ်​၍ အ​တွင်း​၌​ရှိ​သော​အ​ရာ​များ​ကို ပေး​ကမ်း​စွန့်​ကြဲ​ကြ​လော့။ သို့​ပြု​လျှင် အ​ရာ​ခပ်​သိမ်း​တို့​သည် သင်​တို့​အ​တွက် စင်​ကြယ်​ကြ​လိမ့်​မည်။

42. သို့​သော် ဖာ​ရိ​ရှဲ​တို့၊ သင်​တို့​သည် အမင်္ဂ​လာ​ရှိ​ကြ​၏။ အ​ကြောင်း​မူ​ကား သင်​တို့​သည် ပင်​စိမ်း၊ စ​မုန်​စ​ပါး​နှင့် ဟင်း​သီး​ဟင်း​ရွက်​အ​မျိုး​မျိုး​တို့​ကို ဆယ်​ဖို့​တစ်​ဖို့​ပေး​လှူ​ကြ​သော်​လည်း တ​ရား​မျှ​တ​ခြင်း​နှင့် ဘု​ရား​သ​ခင်​အ​ပေါ်​ထား​ရှိ​ရ​မည့်​ချစ်​ခြင်း​တို့​ကို ချန်​လှပ်​ထား​ကြ​၏။ ဤ​အ​ရာ​များ​ကို ပြု​ရ​မည်​ဖြစ်​ပြီး အ​ထက်​တွင်​ဆို​သော​အ​ရာ​များ​ကို​လည်း ဥ​ပေက္ခာ​မ​ပြု​ရ။

43. ဖာ​ရိ​ရှဲ​တို့၊ သင်​တို့​သည် အမင်္ဂ​လာ​ရှိ​ကြ​၏။ အ​ကြောင်း​မူ​ကား သင်​တို့​သည် ဝတ်​ပြု​စည်း​ဝေး​ကျောင်း​များ​၌ အ​ထူး​ထိုင်​ခုံ​ကို​လည်း​ကောင်း၊ ဈေး​အ​ရပ်​၌ နှုတ်​ဆက်​ခံ​ရ​ခြင်း​ကို​လည်း​ကောင်း နှစ်​သက်​ကြ​၏။

44. သင်​တို့​သည် အမင်္ဂ​လာ​ရှိ​ကြ​၏။ အ​ကြောင်း​မူ​ကား သင်​တို့​သည် မ​ထင်​ရှား​သော သင်္ချိုင်း​ဂူ​များ​နှင့်​တူ​ကြ​၏။ လူ​တို့​သည် ၎င်း​အ​ပေါ်​မှာ မ​သိ​ဘဲ သွား​လာ​တတ်​ကြ​၏”​ဟု မိန့်​တော်​မူ​၏။

45. ကျမ်း​တတ်​ပုဂ္ဂိုလ်​တစ်​ဦး​သည် ကိုယ်​တော်​အား “ဆ​ရာ၊ ဤ​သို့​ပြော​ဆို​ခြင်း​သည် အ​ကျွန်ုပ်​တို့​ကို​လည်း ရှုတ်​ချ​ရာ​ရောက်​ပါ​၏”​ဟု ပြန်​လျှောက်​သော်

46. ကိုယ်​တော်​က “ကျမ်း​တတ်​ပုဂ္ဂိုလ်​တို့၊ သင်​တို့​သည်​လည်း အမင်္ဂ​လာ​ရှိ​ကြ​၏။ အ​ကြောင်း​မူ​ကား သင်​တို့​သည် ထမ်း​ရ​ခက်​သော​ဝန်​များ​ကို လူ​တို့​အား​ထမ်း​စေ​ကြ​၏။ သင်​တို့​ကိုယ်​တိုင်​က​မူ ၎င်း​တို့​ကို သင်​တို့​လက်​ဖျား​နှင့်​မျှ​မ​တို့​ကြ။