27. ဤအကြောင်းအရာများကို ကိုယ်တော်မိန့်တော်မူစဉ် လူထုပရိသတ်ထဲမှ အမျိုးသမီးတစ်ဦးသည် အသံကိုကျယ်စွာပြု၍ “ကိုယ်တော်ကိုလွယ်သောဝမ်းနှင့် စို့တော်မူသောသားမြတ်တို့သည် မင်္ဂလာရှိပါ၏”ဟု လျှောက်လေ၏။
28. သို့ရာတွင် ကိုယ်တော်က “စင်စစ်ကား ဘုရားသခင်၏နှုတ်ကပတ်တရားကိုကြား၍ စောင့်ထိန်းသောသူသည် မင်္ဂလာရှိ၏”ဟု မိန့်တော်မူ၏။
29. လူထုပရိသတ်များစုရုံးလာကြစဉ် ကိုယ်တော်က “ဤမျိုးဆက်သည် ဆိုးညစ်သောမျိုးဆက်ဖြစ်၏။ သူတို့သည် နိမိတ်လက္ခဏာကိုတောင်းဆိုသော်လည်း ယောန၏နိမိတ်လက္ခဏာမှတစ်ပါး မည်သည့်နိမိတ်လက္ခဏာကိုမျှ သူတို့အားပြလိမ့်မည်မဟုတ်။
30. အကြောင်းမူကား ယောနသည် နိနေဝေမြို့သားတို့အတွက် နိမိတ်လက္ခဏာဖြစ်သကဲ့သို့ လူ့သားသည်လည်း ဤမျိုးဆက်အတွက် နိမိတ်လက္ခဏာဖြစ်လိမ့်မည်။
31. တရားစီရင်တော်မူသည့်အခါ တောင်အရပ်မှဘုရင်မသည် ဤမျိုးဆက်လူတို့နှင့်အတူထမြောက်လျက် ဤမျိုးဆက်၏အပြစ်ကိုထင်ရှားစေလိမ့်မည်။ အကြောင်းမူကား သူသည် ရှောလမုန်၏ဉာဏ်ပညာစကားကိုနားထောင်ရန် မြေကြီးအစွန်အဖျားမှလာ၏။ ကြည့်ရှုလော့။ ဤအရပ်၌ ရှောလမုန်ထက်ကြီးမြတ်သောသူရှိ၏။
32. တရားစီရင်တော်မူသည့်အခါ နိနေဝေမြို့သားတို့သည် ဤမျိုးဆက်နှင့်အတူထမြောက်လျက် ဤမျိုးဆက်၏အပြစ်ကိုထင်ရှားစေကြလိမ့်မည်။ အကြောင်းမူကား သူတို့သည် ယောန၏ဟောပြောချက်ကြောင့် နောင်တရကြ၏။ ကြည့်ရှုလော့။ ဤအရပ်၌ ယောနထက်ကြီးမြတ်သောသူရှိ၏။
33. ဆီမီးကိုထွန်း၍ ကွယ်ရာ၌ထားသောသူ သို့မဟုတ် တောင်းအောက်၌ထားသောသူ တစ်စုံတစ်ဦးမျှမရှိ။ ဝင်လာသောသူတို့သည် အလင်းကိုမြင်စေရန် ဆီမီးခုံပေါ်၌သာထားတတ်ကြ၏။
34. သင်၏မျက်စိသည် ကိုယ်ခန္ဓာ၏ဆီမီးဖြစ်၏။ သင်၏မျက်စိကောင်းသောအခါ သင်၏ကိုယ်ခန္ဓာတစ်ခုလုံးသည်လည်းတောက်ပနေလိမ့်မည်။ သို့သော် မျက်စိမကောင်းသောအခါ သင်၏ကိုယ်ခန္ဓာသည်လည်း မှောင်မိုက်နေလိမ့်မည်။