19. ငါသည် ဗေလဇေဗုလကိုအမှီပြု၍ နတ်ဆိုးတို့ကိုနှင်ထုတ်သည်ဆိုလျှင် သင်တို့၏သားများသည် မည်သူ့ကိုအမှီပြု၍ နှင်ထုတ်ကြသနည်း။ ထို့ကြောင့် သူတို့သည် သင်တို့ကို တရားစီရင်သူများဖြစ်ကြလိမ့်မည်။
20. သို့ရာတွင် ငါသည် ဘုရားသခင်၏လက်ညှိုးတော်အားဖြင့် နတ်ဆိုးတို့ကိုနှင်ထုတ်သည်ဆိုလျှင် ဘုရားသခင်၏နိုင်ငံတော်သည် သင်တို့ထံရောက်ရှိလေပြီ။
21. ခွန်အားကြီးသောသူသည် လက်နက်အပြည့်အစုံဖြင့် မိမိခြံဝင်းကိုစောင့်ကြပ်နေသောအခါ သူ၏ဥစ္စာပစ္စည်းများသည်လုံခြုံ၏။
22. သို့သော် သူ့ထက်ခွန်အားကြီးသောသူသည်ရောက်လာ၍ သူ့ကိုတိုက်ခိုက်အောင်နိုင်သောအခါ သူအားကိုးခဲ့သည့် လက်နက်စုံကိုသိမ်းယူ၍ သိမ်းပိုက်ရရှိသည့်ပစ္စည်းများကို ခွဲဝေလိမ့်မည်။
23. ငါ့ဘက်၌မနေသောသူသည် ငါ့ကိုဆန့်ကျင်သောသူဖြစ်၏။ ငါနှင့်အတူမစုမသိမ်းသောသူသည် တစ်ကွဲတစ်ပြားဖြစ်စေသောသူဖြစ်၏။
24. ညစ်ညူးသောနတ်သည် လူထဲမှထွက်သွားသောအခါ ခြောက်သွေ့သောအရပ်ဒေသများသို့လျှောက်သွားကာ ခိုနားရာကိုရှာတတ်၏။ သို့သော် ရှာ၍မတွေ့သဖြင့် ‘ငါထွက်လာခဲ့သော ငါ့အိမ်သို့ပြန်မည်’ဟု ဆိုလျက်
25. ပြန်လာရာ ထိုနေရာမှာ လှဲကျင်း၍သပ်ရပ်စွာပြင်ဆင်ထားသည်ကို တွေ့လေ၏။
26. ထိုအခါ ၎င်းသည်သွား၍ မိမိထက်ဆိုးသောနတ်ခုနစ်ကောင်ကိုခေါ်ဆောင်လာပြီး ထိုနေရာ၌ ဝင်ရောက်နေထိုင်သဖြင့် ထိုလူ၏နောက်ဖြစ်အင်သည် ရှေ့ဖြစ်အင်ထက် ဆိုးရွားလေ၏”ဟု မိန့်တော်မူ၏။
27. ဤအကြောင်းအရာများကို ကိုယ်တော်မိန့်တော်မူစဉ် လူထုပရိသတ်ထဲမှ အမျိုးသမီးတစ်ဦးသည် အသံကိုကျယ်စွာပြု၍ “ကိုယ်တော်ကိုလွယ်သောဝမ်းနှင့် စို့တော်မူသောသားမြတ်တို့သည် မင်္ဂလာရှိပါ၏”ဟု လျှောက်လေ၏။
28. သို့ရာတွင် ကိုယ်တော်က “စင်စစ်ကား ဘုရားသခင်၏နှုတ်ကပတ်တရားကိုကြား၍ စောင့်ထိန်းသောသူသည် မင်္ဂလာရှိ၏”ဟု မိန့်တော်မူ၏။
29. လူထုပရိသတ်များစုရုံးလာကြစဉ် ကိုယ်တော်က “ဤမျိုးဆက်သည် ဆိုးညစ်သောမျိုးဆက်ဖြစ်၏။ သူတို့သည် နိမိတ်လက္ခဏာကိုတောင်းဆိုသော်လည်း ယောန၏နိမိတ်လက္ခဏာမှတစ်ပါး မည်သည့်နိမိတ်လက္ခဏာကိုမျှ သူတို့အားပြလိမ့်မည်မဟုတ်။