16. အချို့တို့သည်လည်း ကိုယ်တော်ကိုစမ်းသပ်လိုသဖြင့် ကောင်းကင်မှနိမိတ်လက္ခဏာကို တောင်းဆိုကြ၏။
17. သို့သော် ကိုယ်တော်သည် သူတို့၏စိတ်သဘောများကို သိမြင်တော်မူသဖြင့် “မိမိအတွင်း၌ ဆန့်ကျင်ကွဲပြားနေသောနိုင်ငံတိုင်းသည် လုံးလုံးပျက်စီးသွား၍ မိမိအတွင်း၌ ဆန့်ကျင်ကွဲပြားနေသောအိမ်သည်လည်း ပြိုလဲတတ်၏။
18. စာတန်သည်လည်း မိမိအတွင်း၌ ဆန့်ကျင်ကွဲပြားနေလျှင် သူ၏နိုင်ငံသည် မည်သို့တည်မြဲနိုင်မည်နည်း။ ဤသို့ဆိုခြင်းမှာ ငါသည် ဗေလဇေဗုလကိုအမှီပြု၍ နတ်ဆိုးတို့ကိုနှင်ထုတ်သည်ဟု သင်တို့ဆိုကြသောကြောင့်ဖြစ်၏။
19. ငါသည် ဗေလဇေဗုလကိုအမှီပြု၍ နတ်ဆိုးတို့ကိုနှင်ထုတ်သည်ဆိုလျှင် သင်တို့၏သားများသည် မည်သူ့ကိုအမှီပြု၍ နှင်ထုတ်ကြသနည်း။ ထို့ကြောင့် သူတို့သည် သင်တို့ကို တရားစီရင်သူများဖြစ်ကြလိမ့်မည်။
20. သို့ရာတွင် ငါသည် ဘုရားသခင်၏လက်ညှိုးတော်အားဖြင့် နတ်ဆိုးတို့ကိုနှင်ထုတ်သည်ဆိုလျှင် ဘုရားသခင်၏နိုင်ငံတော်သည် သင်တို့ထံရောက်ရှိလေပြီ။
21. ခွန်အားကြီးသောသူသည် လက်နက်အပြည့်အစုံဖြင့် မိမိခြံဝင်းကိုစောင့်ကြပ်နေသောအခါ သူ၏ဥစ္စာပစ္စည်းများသည်လုံခြုံ၏။
22. သို့သော် သူ့ထက်ခွန်အားကြီးသောသူသည်ရောက်လာ၍ သူ့ကိုတိုက်ခိုက်အောင်နိုင်သောအခါ သူအားကိုးခဲ့သည့် လက်နက်စုံကိုသိမ်းယူ၍ သိမ်းပိုက်ရရှိသည့်ပစ္စည်းများကို ခွဲဝေလိမ့်မည်။
23. ငါ့ဘက်၌မနေသောသူသည် ငါ့ကိုဆန့်ကျင်သောသူဖြစ်၏။ ငါနှင့်အတူမစုမသိမ်းသောသူသည် တစ်ကွဲတစ်ပြားဖြစ်စေသောသူဖြစ်၏။
24. ညစ်ညူးသောနတ်သည် လူထဲမှထွက်သွားသောအခါ ခြောက်သွေ့သောအရပ်ဒေသများသို့လျှောက်သွားကာ ခိုနားရာကိုရှာတတ်၏။ သို့သော် ရှာ၍မတွေ့သဖြင့် ‘ငါထွက်လာခဲ့သော ငါ့အိမ်သို့ပြန်မည်’ဟု ဆိုလျက်
25. ပြန်လာရာ ထိုနေရာမှာ လှဲကျင်း၍သပ်ရပ်စွာပြင်ဆင်ထားသည်ကို တွေ့လေ၏။