1. ထို့နောက် သခင်ဘုရားသည် အခြားသောသူ အယောက်ခုနစ်ဆယ်တို့ကိုခန့်ထား၍ ကြွတော်မူရန်ကြံရွယ်ထားသော မြို့ရွာအရပ်ရပ်သို့ မိမိရှေ့မှနှစ်ဦးစီနှစ်ဦးစီ စေလွှတ်တော်မူ၏။
2. ကိုယ်တော်သည် ထိုသူတို့အား “ရိတ်သိမ်းစရာများစွာရှိသော်လည်း လုပ်သားသည်နည်းလှ၏။ ထို့ကြောင့် ရိတ်သိမ်းခြင်းအတွက် လုပ်သားများကိုစေလွှတ်ပေးတော်မူရန် ရိတ်သိမ်းခြင်း၏အရှင်ထံ ဆုတောင်းကြလော့။
3. သွားကြ။ ဝံပုလွေများထဲသို့ သိုးသငယ်များကိုစေလွှတ်သကဲ့သို့ သင်တို့ကို ငါစေလွှတ်၏။
4. ပိုက်ဆံအိတ်၊ လွယ်အိတ်နှင့် ဖိနပ်တို့ကို မယူသွားကြနှင့်။ လမ်း၌ မည်သူ့ကိုမျှ နှုတ်မဆက်ကြနှင့်။
5. မည်သည့်အိမ်သို့မဆို သင်တို့ဝင်ကြသောအခါ ‘ဤအိမ်၌ ငြိမ်သက်ခြင်းရှိပါစေ’ဟူ၍ ဦးစွာနှုတ်ဆက်ကြလော့။
6. ထိုနေရာတွင် ငြိမ်သက်ခြင်း၏သားရှိလျှင် သင်တို့၏ငြိမ်သက်ခြင်းသည် ထိုသူအပေါ်သက်ရောက်လိမ့်မည်။ မရှိလျှင်မူကား ထိုငြိမ်သက်ခြင်းသည် သင်တို့ထံပြန်လာလိမ့်မည်။
7. ထိုတစ်အိမ်တည်းမှာပင် တည်းခို၍ သူတို့ထံ၌ စားသောက်ကြလော့။ အကြောင်းမူကား အလုပ်လုပ်သောသူသည် လုပ်အားခကိုရထိုက်၏။ တစ်အိမ်မှ တစ်အိမ်သို့ မပြောင်းကြနှင့်။
8. မည်သည့်မြို့သို့မဆို သင်တို့ဝင်၍ လူတို့သည် သင်တို့ကိုလက်ခံလျှင် သင်တို့ရှေ့၌တည်ခင်းသောအရာများကို စားကြလော့။
9. ထိုမြို့ရှိ နာမကျန်းဖြစ်သူများကိုကျန်းမာစေ၍ ‘ဘုရားသခင်၏နိုင်ငံတော်သည် သင်တို့၌ပေါ်ထွန်းလုနီးပြီ’ဟု သူတို့အား ဟောပြောကြလော့။
10. မည်သည့်မြို့သို့မဆို သင်တို့ဝင်၍ လူတို့သည် သင်တို့ကိုလက်မခံလျှင် ထိုမြို့၏လမ်းမပေါ်သို့ ထွက်ပြီးလျှင်
11. ‘ငါတို့ခြေတွင်ကပ်နေသည့် သင်တို့မြို့မှ မြေမှုန့်ကိုပင် ငါတို့ခါချခဲ့၏။ သို့သော် ဘုရားသခင်၏နိုင်ငံတော်သည် သင်တို့၌ပေါ်ထွန်းလုနီးပြီဖြစ်ကြောင်း သိမှတ်ကြလော့’ဟု ဟောပြောကြလော့။
12. သင်တို့အား ငါဆိုမည်။ ထိုနေ့၌ သောဒုံမြို့သည် ထိုမြို့ထက် ခံသာလိမ့်မည်။
13. ခေါရာဇိန်မြို့၊ သင်သည် အမင်္ဂလာရှိ၏။ ဗက်ဇဲဒမြို့၊ သင်သည် အမင်္ဂလာရှိ၏။ အကြောင်းမူကား သင်တို့၌ပြုခဲ့သောတန်ခိုးလက္ခဏာများကို တိုင်ရာမြို့နှင့်ဆီဒုန်မြို့တို့၌ပြုခဲ့လျှင် သူတို့သည် ရှေးယခင်ကပင် လျှော်တေအဝတ်ကိုဝတ်လျက် ပြာထဲ၌ထိုင်ကာ နောင်တရခဲ့ကြပေလိမ့်မည်။
14. သို့သော် တရားစီရင်တော်မူသောအခါ တိုင်ရာမြို့နှင့်ဆီဒုန်မြို့တို့သည် သင်တို့ထက် ခံသာကြလိမ့်မည်။
15. ကပေရနောင်မြို့၊ သင်သည် ကောင်းကင်အထိ ချီးမြှောက်ခြင်းကိုခံရပါမည်လော။ သင်သည် မရဏာနိုင်ငံတိုင်အောင် ကျဆင်းရလိမ့်မည်။
16. သင်တို့စကားကိုနားထောင်သောသူသည် ငါ့စကားကိုနားထောင်၏။ သင်တို့ကိုငြင်းပယ်သောသူသည် ငါ့ကိုငြင်းပယ်၏။ ငါ့ကိုငြင်းပယ်သောသူသည် ငါ့အားစေလွှတ်တော်မူသောအရှင်ကိုငြင်းပယ်၏”ဟု မိန့်တော်မူ၏။
17. ထို့နောက် ထိုအယောက်ခုနစ်ဆယ်တို့သည် ဝမ်းမြောက်စွာပြန်လာ၍ “သခင်၊ ကိုယ်တော်၏နာမတော်၌ နတ်ဆိုးတို့ပင် အကျွန်ုပ်တို့ကိုနာခံကြပါ၏”ဟု လျှောက်ကြ၏။
18. ကိုယ်တော်ကလည်း “စာတန်သည် လျှပ်စီးလက်သကဲ့သို့ မိုးကောင်းကင်မှကျသည်ကို ငါမြင်ရ၏။