65. သူတို့ပတ်ဝန်းကျင်၌နေထိုင်သူရှိသမျှတို့သည် ကြောက်ရွံ့ကြ၍ ဤအကြောင်းအရာအလုံးစုံတို့သည် ယုဒနယ်တောင်ပေါ်ဒေသတစ်လျှောက်တွင် ကျော်စောလေ၏။
66. ကြားရသောသူအပေါင်းတို့သည်လည်း ထိုအကြောင်းအရာတို့ကို နှလုံးသွင်း၍ “ဤသူငယ်သည် မည်သို့သောသူဖြစ်လိမ့်မည်နည်း”ဟု ဆိုကြ၏။ အကြောင်းမူကား ထာဝရဘုရား၏လက်တော်သည် သူငယ်နှင့်အတူရှိတော်မူ၏။
67. သူငယ်၏ဖခင်ဇာခရိသည် သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝလျက် ပရောဖက်ပြုဟောပြောကာ
68. “အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားသည် မင်္ဂလာရှိပါစေသော။ အကြောင်းမူကား ကိုယ်တော်သည် မိမိလူမျိုးတော်ကို အကြည့်အရှုကြွလာတော်မူ၍ ရွေးနုတ်ကယ်တင်ခြင်းကျေးဇူးကိုပြုတော်မူပြီး
69-70. မိမိ၏ရှေးသန့်ရှင်းသောပရောဖက်များ၏နှုတ်အားဖြင့် မိန့်တော်မူခဲ့သည့်အတိုင်း ငါတို့အတွက် ကယ်တင်ခြင်းဦးချိုကို ကိုယ်တော်၏အစေခံဒါဝိဒ်အမျိုးအနွယ်တွင် ပေါ်ထွန်းစေတော်မူပြီ။
71. ဤကယ်တင်ခြင်းသည် ငါတို့၏ရန်သူများနှင့် ငါတို့ကိုမုန်းသောသူအပေါင်းတို့လက်မှ ကယ်တင်တော်မူခြင်းဖြစ်၏။
72-75. ဤသည်ကား ငါတို့၏ဘိုးဘေးများအပေါ် ကရုဏာတော်ကိုပြသတော်မူရန်နှင့် ငါတို့ကို ရန်သူတို့လက်မှကယ်နုတ်၍ အသက်ရှင်သမျှကာလပတ်လုံး ကြောက်ရွံ့ခြင်းမရှိဘဲ ရှေ့တော်၌ သန့်ရှင်းခြင်းနှင့်ဖြောင့်မတ်ခြင်းတို့ဖြင့် ကိုယ်တော်ကို ဝတ်ပြုရသောအခွင့်ပေးမည်ဟု ငါတို့အဖအာဗြဟံအား တိုင်တည်၍မိန့်တော်မူသည့် ကတိသစ္စာတည်းဟူသော ကိုယ်တော်၏သန့်ရှင်းသောပဋိညာဉ်ကို အောက်မေ့တော်မူရန်ဖြစ်၏။
76-77. အချင်းသူငယ်၊ သင်သည်လည်း အမြင့်ဆုံးသောဘုရား၏ပရောဖက်ဟုခေါ်ဝေါ်ခြင်းကိုခံရလိမ့်မည်။ အကြောင်းမူကား သင်သည် ထာဝရဘုရား၏လမ်းတော်ကိုပြင်ဆင်ရန်လည်းကောင်း၊ ကိုယ်တော်၏လူမျိုးတော်အား အပြစ်များခွင့်လွှတ်ခြင်းကျေးဇူးအားဖြင့်သက်ရောက်သော ကယ်တင်ခြင်းနှင့်ဆိုင်သည့်အသိပညာကိုပေးရန်လည်းကောင်း၊ ကိုယ်တော်၏ရှေ့တော်၌ သွားလိမ့်မည်။
78. ဤအပြစ်များခွင့်လွှတ်ခြင်းကျေးဇူးသည် ငါတို့ဘုရားသခင်၏အကြင်နာကရုဏာတော်ကြောင့် သက်ရောက်လာသည်ဖြစ်၍ ထိုကရုဏာတော်အားဖြင့် အထက်ကောင်းကင်မှနေအရုဏ်သည် ငါတို့အပေါ်သက်ရောက်ပြီး
79. မှောင်မိုက်နှင့် သေခြင်း၏အရိပ်ထဲတွင်နေထိုင်သောသူတို့အပေါ် ထွန်းလင်းကာ ငါတို့၏ခြေကို ငြိမ်သက်ခြင်းလမ်းထဲသို့ပို့ဆောင်တော်မူ၏”ဟု ဆိုလေ၏။
80. သူငယ်သည်လည်းကြီးထွား၍ စိတ်ဝိညာဉ်ကြံ့ခိုင်လာကာ အစ္စရေးလူမျိုးရှေ့၌ ထင်ရှားသည့်နေ့ရက်တိုင်အောင် တောကန္တာရ၌နေလေ၏။