61. သူတို့ကလည်း “သင်၏ဆွေမျိုးသားချင်းတို့တွင် ဤနာမည်ဖြင့်မှည့်ခေါ်သောသူ တစ်ယောက်မျှမရှိ”ဟု ဆိုကြပြီးလျှင်
62. သူ့ကိုမည်သို့မှည့်ခေါ်စေလိုကြောင်း သူ၏ဖခင်အား လက်ရိပ်ပြ၍မေးမြန်းကြ၏။
63. ဖခင်သည်လည်း သင်ပုန်းကိုတောင်း၍ “သူ၏အမည်မှာ ယောဟန်ဖြစ်သည်”ဟု ရေးလိုက်သော် ထိုသူအပေါင်းတို့သည်အံ့ဩကြ၏။
64. ထိုခဏချင်းတွင် ဇာခရိ၏နှုတ်သည်ပွင့်၍ သူ၏လျှာသည်လည်းပြေလျော့သဖြင့် သူသည်စကားပြောလျက် ဘုရားသခင်၏ကျေးဇူးတော်ကိုချီးမွမ်းလေ၏။
65. သူတို့ပတ်ဝန်းကျင်၌နေထိုင်သူရှိသမျှတို့သည် ကြောက်ရွံ့ကြ၍ ဤအကြောင်းအရာအလုံးစုံတို့သည် ယုဒနယ်တောင်ပေါ်ဒေသတစ်လျှောက်တွင် ကျော်စောလေ၏။
66. ကြားရသောသူအပေါင်းတို့သည်လည်း ထိုအကြောင်းအရာတို့ကို နှလုံးသွင်း၍ “ဤသူငယ်သည် မည်သို့သောသူဖြစ်လိမ့်မည်နည်း”ဟု ဆိုကြ၏။ အကြောင်းမူကား ထာဝရဘုရား၏လက်တော်သည် သူငယ်နှင့်အတူရှိတော်မူ၏။
67. သူငယ်၏ဖခင်ဇာခရိသည် သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝလျက် ပရောဖက်ပြုဟောပြောကာ
68. “အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားသည် မင်္ဂလာရှိပါစေသော။ အကြောင်းမူကား ကိုယ်တော်သည် မိမိလူမျိုးတော်ကို အကြည့်အရှုကြွလာတော်မူ၍ ရွေးနုတ်ကယ်တင်ခြင်းကျေးဇူးကိုပြုတော်မူပြီး
69-70. မိမိ၏ရှေးသန့်ရှင်းသောပရောဖက်များ၏နှုတ်အားဖြင့် မိန့်တော်မူခဲ့သည့်အတိုင်း ငါတို့အတွက် ကယ်တင်ခြင်းဦးချိုကို ကိုယ်တော်၏အစေခံဒါဝိဒ်အမျိုးအနွယ်တွင် ပေါ်ထွန်းစေတော်မူပြီ။
71. ဤကယ်တင်ခြင်းသည် ငါတို့၏ရန်သူများနှင့် ငါတို့ကိုမုန်းသောသူအပေါင်းတို့လက်မှ ကယ်တင်တော်မူခြင်းဖြစ်၏။
72-75. ဤသည်ကား ငါတို့၏ဘိုးဘေးများအပေါ် ကရုဏာတော်ကိုပြသတော်မူရန်နှင့် ငါတို့ကို ရန်သူတို့လက်မှကယ်နုတ်၍ အသက်ရှင်သမျှကာလပတ်လုံး ကြောက်ရွံ့ခြင်းမရှိဘဲ ရှေ့တော်၌ သန့်ရှင်းခြင်းနှင့်ဖြောင့်မတ်ခြင်းတို့ဖြင့် ကိုယ်တော်ကို ဝတ်ပြုရသောအခွင့်ပေးမည်ဟု ငါတို့အဖအာဗြဟံအား တိုင်တည်၍မိန့်တော်မူသည့် ကတိသစ္စာတည်းဟူသော ကိုယ်တော်၏သန့်ရှင်းသောပဋိညာဉ်ကို အောက်မေ့တော်မူရန်ဖြစ်၏။