Myanmar Standard Bible

ရှင်​လု​ကာ​ခ​ရစ်​ဝင် 1:33-47 Myanmar Standard Bible (MSB)

33. သူ​သည် ယာ​ကုပ်​အ​မျိုး​ကို ကာ​လ​အ​စဉ်​အ​ဆက်​အုပ်​ချုပ်​လိမ့်​မည်။ သူ​၏​နိုင်​ငံ​တော်​သည်​လည်း​အ​ဆုံး​မ​ရှိ အ​စဉ်​တည်​လိမ့်​မည်”​ဟု မြွက်​ဆို​လေ​၏။

34. မာ​ရိ​က​လည်း “ကျွန်​မ​သည် ယောက်ျား​နှင့်​ဆက်​ဆံ​ခြင်း​မ​ရှိ​သည်​ဖြစ်​၍ ဤ​အ​မှု​အ​ရာ​သည် မည်​သို့​ဖြစ်​လိမ့်​မည်​နည်း”​ဟု ကောင်း​ကင်​တ​မန်​အား မေး​လေ​၏။

35. ကောင်း​ကင်​တ​မန်​က​လည်း “သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည် သင့်​အ​ပေါ်​သက်​ရောက်​တော်​မူ​၍ အ​မြင့်​ဆုံး​သော​ဘု​ရား​၏​တန်​ခိုး​တော်​သည် သင့်​ကို​လွှမ်း​မိုး​လိမ့်​မည်။ ထို့​ကြောင့် ဖွား​မြင်​လာ​မည့်​သန့်​ရှင်း​သော​သူ​ငယ်​သည် ဘု​ရား​သ​ခင်​၏​သား​တော်​ဟု ခေါ်​ဝေါ်​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။

36. ကြည့်​လော့။ သင်​၏​အ​ဆွေ​အ​မျိုး အဲ​လစ်​ဇ​ဘက်​သည်​လည်း အို​မင်း​သော​အ​ရွယ်​၌ သား​ယောက်ျား​ကို​သန္ဓေ​တည်​၍ အ​မြုံ​မ​ဟု​အ​ခေါ်​ခံ​ရ​သော​သူ​သည် ယ​ခု ကိုယ်​ဝန်​ခြောက်​လ​ရှိ​နေ​ပြီ။

37. ဘု​ရား​သ​ခင်​အ​တွက် မ​ဖြစ်​နိုင်​သော​အ​ရာ​တစ်​စုံ​တစ်​ခု​မျှ​မ​ရှိ”​ဟု ပြန်​၍​မြွက်​ဆို​လေ​၏။

38. ထို​အ​ခါ မာ​ရိ​က “ကျွန်​မ​သည် ထာ​ဝ​ရ​ဘု​ရား​၏​အ​စေ​အ​ပါး​ဖြစ်​ပါ​၏။ အ​ရှင်​၏​စ​ကား​အ​တိုင်း ကျွန်​မ​၌​ဖြစ်​ပါ​စေ”​ဟု ဝန်​ခံ​၏။ ထို့​နောက် ကောင်း​ကင်​တ​မန်​သည် မာ​ရိ​ထံ​မှ ထွက်​ခွာ​သွား​လေ​၏။

39. ထို​နေ့​ရက်​များ​တွင် မာ​ရိ​သည်​ထ​၍ တောင်​ပေါ်​ဒေ​သ​၌​ရှိ​သော ယု​ဒ​ပြည်​၏​မြို့​တစ်​မြို့​သို့ အ​လျင်​အ​မြန်​သွား​၍

40. ဇာ​ခ​ရိ​အိမ်​သို့​ဝင်​ကာ အဲ​လစ်​ဇ​ဘက်​ကို​နှုတ်​ဆက်​လေ​၏။

41. မာ​ရိ​၏​နှုတ်​ဆက်​စ​ကား​ကို အဲ​လစ်​ဇ​ဘက်​ကြား​ရ​သော​အ​ခါ သူ​၏​က​လေး​ငယ်​သည် ဝမ်း​ထဲ​၌​ခုန်​လေ​၏။ အဲ​လစ်​ဇ​ဘက်​သည်​လည်း သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​နှင့်​ပြည့်​ဝ​လျက်

42. “သင်​သည် မိန်း​မ​တို့​တွင် မင်္ဂ​လာ​ရှိ​၏။ သင်​၏​ဝမ်း​တွင်း​မှ​က​လေး​သည်​လည်း မင်္ဂ​လာ​ရှိ​၏။

43. ကျွန်​မ​သ​ခင်​၏​မယ်​တော်​သည် ကျွန်​မ​ထံ​သို့​ရောက်​လာ​သော​ကျေး​ဇူး​ကို အ​ဘယ်​ကြောင့် ကျွန်​မ​ခံ​ရ​ပါ​သ​နည်း။

44. အ​မှန်​စင်​စစ် သင်​၏​နှုတ်​ဆက်​စ​ကား​ကို ကျွန်​မ​ကြား​ရ​သော​အ​ခါ ကျွန်​မ​၏​က​လေး​ငယ်​သည် ရွှင်​မြူး​ခြင်း​ဖြင့် ဝမ်း​ထဲ​၌​ခုန်​ပါ​၏။

45. မိ​မိ​အား ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော​အ​ရာ​များ​ပြည့်​စုံ​မည်​ဟု ယုံ​ကြည်​သော​မိန်း​မ​သည် မင်္ဂ​လာ​ရှိ​၏”​ဟု ကျယ်​လောင်​သော​အ​သံ​ဖြင့် အော်​ဟစ်​ပြော​ဆို​လေ​၏။

46. မာ​ရိ​က​လည်း “ငါ​၏​စိတ်​နှ​လုံး​သည် ထာ​ဝ​ရ​ဘု​ရား​ကို​ချီး​မွမ်း​၍

47. ငါ့​ဝိ​ညာဉ်​သည် ငါ​၏​ကယ်​တင်​ရှင်​ဘု​ရား​သ​ခင်​၌ ရွှင်​မြူး​၏။