31. သင်သည် သန္ဓေတည်၍ သားယောက်ျားကိုဖွားမြင်လိမ့်မည်။ သူ၏အမည်ကို ယေရှုဟူ၍မှည့်ခေါ်ရမည်။
32. သူသည် ကြီးမြတ်သောသူဖြစ်မည်။ အမြင့်ဆုံးသောဘုရား၏သားတော်ဟူ၍လည်း ခေါ်ဝေါ်ခြင်းကိုခံရလိမ့်မည်။ ထာဝရအရှင်ဘုရားသခင်သည် သူ့အား သူ့အဖဒါဝိဒ်၏ရာဇပလ္လင်ကိုပေးတော်မူ၍
33. သူသည် ယာကုပ်အမျိုးကို ကာလအစဉ်အဆက်အုပ်ချုပ်လိမ့်မည်။ သူ၏နိုင်ငံတော်သည်လည်းအဆုံးမရှိ အစဉ်တည်လိမ့်မည်”ဟု မြွက်ဆိုလေ၏။
34. မာရိကလည်း “ကျွန်မသည် ယောက်ျားနှင့်ဆက်ဆံခြင်းမရှိသည်ဖြစ်၍ ဤအမှုအရာသည် မည်သို့ဖြစ်လိမ့်မည်နည်း”ဟု ကောင်းကင်တမန်အား မေးလေ၏။
35. ကောင်းကင်တမန်ကလည်း “သန့်ရှင်းသောဝိညာဉ်တော်သည် သင့်အပေါ်သက်ရောက်တော်မူ၍ အမြင့်ဆုံးသောဘုရား၏တန်ခိုးတော်သည် သင့်ကိုလွှမ်းမိုးလိမ့်မည်။ ထို့ကြောင့် ဖွားမြင်လာမည့်သန့်ရှင်းသောသူငယ်သည် ဘုရားသခင်၏သားတော်ဟု ခေါ်ဝေါ်ခြင်းကိုခံရလိမ့်မည်။
36. ကြည့်လော့။ သင်၏အဆွေအမျိုး အဲလစ်ဇဘက်သည်လည်း အိုမင်းသောအရွယ်၌ သားယောက်ျားကိုသန္ဓေတည်၍ အမြုံမဟုအခေါ်ခံရသောသူသည် ယခု ကိုယ်ဝန်ခြောက်လရှိနေပြီ။
37. ဘုရားသခင်အတွက် မဖြစ်နိုင်သောအရာတစ်စုံတစ်ခုမျှမရှိ”ဟု ပြန်၍မြွက်ဆိုလေ၏။
38. ထိုအခါ မာရိက “ကျွန်မသည် ထာဝရဘုရား၏အစေအပါးဖြစ်ပါ၏။ အရှင်၏စကားအတိုင်း ကျွန်မ၌ဖြစ်ပါစေ”ဟု ဝန်ခံ၏။ ထို့နောက် ကောင်းကင်တမန်သည် မာရိထံမှ ထွက်ခွာသွားလေ၏။
39. ထိုနေ့ရက်များတွင် မာရိသည်ထ၍ တောင်ပေါ်ဒေသ၌ရှိသော ယုဒပြည်၏မြို့တစ်မြို့သို့ အလျင်အမြန်သွား၍
40. ဇာခရိအိမ်သို့ဝင်ကာ အဲလစ်ဇဘက်ကိုနှုတ်ဆက်လေ၏။