1. သက်ကြီးဝါကြီးဖြစ်သောငါသည် သမ္မာတရား၌ ငါချစ်သည့် ချစ်ရသောဂါယုထံသို့ စာရေးလိုက်ပါ၏။
2. ချစ်ရသောသူ၊ သင်၏စိတ်ဝိညာဉ်ကြီးပွားသကဲ့သို့ သင်သည် အရာရာ၌ကြီးပွား၍ ကျန်းမာပါစေဟု ငါဆုတောင်း၏။
3. သင်သည် သမ္မာတရား၌ အသက်ရှင်လျှောက်လှမ်းနေသည့်အလျောက် ညီအစ်ကိုအချို့တို့သည်လာ၍ သင်၌ရှိသောသမ္မာတရားအကြောင်းကို သက်သေခံကြသောအခါ ငါသည် အလွန်ဝမ်းမြောက်၏။
4. ငါ့သားသမီးတို့သည် သမ္မာတရား၌အသက်ရှင်လျှောက်လှမ်းနေကြောင်းကို ကြားရသည်ထက် ဝမ်းမြောက်စရာကောင်းသောအရာသည် ငါ၌မရှိ။
5. ချစ်ရသောသူ၊ သင်သည် ညီအစ်ကိုများအပေါ် အထူးသဖြင့် သူစိမ်းဧည့်သည်များအပေါ် ပြုသမျှသောဝတ်ကို သစ္စာရှိစွာပြုတတ်၏။
6. ထိုသူတို့သည် သင်၏ချစ်ခြင်းမေတ္တာအကြောင်းကို အသင်းတော်ရှေ့၌ သက်သေခံကြ၏။ သင်သည် ထိုသူတို့ကို ဘုရားသခင်၏အလိုတော်နှင့်အညီ ဆက်လက်ပို့ဆောင်ပေးလျှင် ကောင်းသောအမှုပြုခြင်းဖြစ်လိမ့်မည်။
7. ထိုသူတို့သည် သာသနာပလူမျိုးခြားတို့ထံမှ မည်သည့်အရာကိုမျှမယူဘဲ နာမတော်အတွက်ခရီးပြုကြ၏။
8. ထို့ကြောင့် ငါတို့သည် သမ္မာတရားအတွက် သူတို့နှင့်အတူလုပ်ဆောင်သောသူဖြစ်ကြရန် သူတို့ကိုကူညီထောက်ပံ့သင့်၏။
9. ငါသည် အသင်းတော်ထံသို့ စာအနည်းငယ်ရေးခဲ့သော်လည်း သူတို့တွင် ခေါင်းဆောင်ဖြစ်လိုသော ဒယောတရပ်သည် ငါတို့ကိုလက်မခံ။
10. ထို့ကြောင့် ငါလာသောအခါ သူပြုနေသောအမှုကိုထောက်ပြမည်။ သူသည် မကောင်းသောစကားအမျိုးမျိုးတို့ဖြင့် ငါတို့ကို ကဲ့ရဲ့ပြစ်တင်ပြီး ဤမျှနှင့်သာမကျေနပ်ဘဲ သူကိုယ်တိုင်လည်း ညီအစ်ကိုတို့ကိုလက်မခံ၊ လက်ခံလိုသောသူများကိုလည်း တားမြစ်၍ အသင်းတော်မှ နှင်ထုတ်၏။