49. ယေရှုက “ငါ့ကိုနတ်ဆိုးပူးနေသည်မဟုတ်။ ငါသည် ငါ့ခမည်းတော်ကိုရိုသေ၏။ သင်တို့မူကား ငါ့ကိုမထီလေးစားပြုကြ၏။
50. သို့ရာတွင် ငါသည် ကိုယ့်ဘုန်းအသရေကိုရှာသည်မဟုတ်။ ငါ၏ဘုန်းအသရေကိုရှာ၍ တရားစီရင်တော်မူသောအရှင်တစ်ပါးရှိ၏။
51. သင်တို့အား ငါအမှန်အကန်ဆိုမည်။ မည်သူမဆို ငါ့စကားကိုလိုက်နာစောင့်ထိန်းလျှင် ကာလအစဉ်အဆက် မည်သည့်အခါမျှ သေခြင်းနှင့်မတွေ့မကြုံရ”ဟု မိန့်တော်မူ၏။
52. ထိုအခါ ဂျူးလူမျိုးတို့က “သင့်ကိုနတ်ဆိုးပူးနေကြောင်း ယခု အကျွန်ုပ်တို့သိကြပြီ။ အာဗြဟံသည် သေလွန်ခဲ့ပြီး ပရောဖက်တို့လည်း သေလွန်ကြပြီ။ သင်မူကား ‘မည်သူမဆို ငါ့စကားကိုလိုက်နာစောင့်ထိန်းလျှင် ကာလအစဉ်အဆက် မည်သည့်အခါမျှ သေခြင်းကိုမမြည်းစမ်းရ’ဟု ဆိုပါသည်တကား။
53. သင်သည် အကျွန်ုပ်တို့၏အဖအာဗြဟံထက် ကြီးမြတ်သလော။ သူသည် သေလွန်ခဲ့ပြီး ပရောဖက်တို့လည်း သေလွန်ကြပြီ။ သင့်ကိုယ်သင် မည်သူဖြစ်သည်ဟု ထင်မှတ်သနည်း”ဟု ဆိုကြ၏။
54. ယေရှုကလည်း “ငါသည် ကိုယ့်ဘုန်းကိုကိုယ်ထင်ရှားစေလျှင် ငါ့ဘုန်းသည် အချည်းနှီးဖြစ်၏။ ငါ့ဘုန်းကိုထင်ရှားစေတော်မူသောအရှင်ကား ငါ့ခမည်းတော်ဖြစ်၏။ သင်တို့သည် ထိုအရှင်ကို ‘အကျွန်ုပ်တို့၏ဘုရားသခင်ဖြစ်သည်’ဟု ဆိုကြသော်လည်း
55. သူ့ကိုမသိကြ။ ငါမူကား သိ၏။ ထိုအရှင်ကို ငါမသိဟုဆိုလျှင် ငါသည် သင်တို့ကဲ့သို့လိမ်လည်သောသူဖြစ်လိမ့်မည်။ သို့ရာတွင် ငါသည် ထိုအရှင်ကိုသိ၍ သူ၏စကားကိုလိုက်နာစောင့်ထိန်း၏။
56. သင်တို့အဖအာဗြဟံသည် ငါ၏နေ့ရက်ကိုတွေ့မြင်ရမည်ဖြစ်၍ ရွှင်မြူးလျက် တွေ့မြင်ရသောအခါ ဝမ်းမြောက်လေ၏”ဟု မိန့်တော်မူ၏။
57. ဂျူးလူမျိုးတို့ကလည်း “သင်သည် အသက်ငါးဆယ်ပင်မရှိသေးဘဲ အာဗြဟံကိုမြင်ဖူးသလော”ဟု ဆိုကြ၏။