43. သင်တို့သည် ငါပြောဆိုသောစကားကို အဘယ်ကြောင့်နားမလည်ကြသနည်း။ ငါ၏တရားစကားကို သင်တို့နာယူနိုင်စွမ်းမရှိသောကြောင့်ဖြစ်၏။
44. သင်တို့သည် သင်တို့၏အဖမာရ်နတ်နှင့်စပ်ဆိုင်ကြပြီး သင်တို့အဖ၏ဆန္ဒအတိုင်းပြုလိုကြ၏။ မာရ်နတ်သည် အစအဦးကပင် လူသတ်သမားဖြစ်၏။ သူ၌သမ္မာတရားမရှိသောကြောင့် သမ္မာတရား၌မရပ်တည်။ သူသည် လိမ်လည်သောသူဖြစ်ပြီး လိမ်လည်ခြင်း၏အဖလည်းဖြစ်သောကြောင့် လိမ်လည်ပြောဆိုသောအခါ မိမိပင်ကိုအတိုင်းပြောဆို၏။
45. ငါမူကား သမ္မာတရားကိုပြောဆိုသောကြောင့် သင်တို့သည် ငါ့ကိုမယုံကြည်ကြ။
46. သင်တို့တွင် မည်သူသည် ငါ၌အပြစ်ရှိကြောင်း ဖော်ပြနိုင်သနည်း။ သမ္မာတရားကို ငါပြောဆိုသည်မှန်လျှင် အဘယ်ကြောင့် သင်တို့သည် ငါ့ကိုမယုံကြည်ကြသနည်း။
47. ဘုရားသခင်နှင့်စပ်ဆိုင်သောသူသည် ဘုရားသခင်၏စကားတော်တို့ကိုနားထောင်၏။ သင်တို့နားမထောင်ကြခြင်းမှာ သင်တို့သည် ဘုရားသခင်နှင့်မစပ်ဆိုင်ကြသောကြောင့်ဖြစ်၏”ဟု မိန့်တော်မူ၏။
48. ဂျူးလူမျိုးတို့ကလည်း “သင်သည် ရှမာရိနယ်သားဖြစ်ပြီး သင့်ကိုနတ်ဆိုးပူးနေသည်ဟူ၍ ငါတို့ပြောကြသည်မှာ လျောက်ပတ်သည်မဟုတ်လော”ဟု ပြန်ပြောကြ၏။
49. ယေရှုက “ငါ့ကိုနတ်ဆိုးပူးနေသည်မဟုတ်။ ငါသည် ငါ့ခမည်းတော်ကိုရိုသေ၏။ သင်တို့မူကား ငါ့ကိုမထီလေးစားပြုကြ၏။
50. သို့ရာတွင် ငါသည် ကိုယ့်ဘုန်းအသရေကိုရှာသည်မဟုတ်။ ငါ၏ဘုန်းအသရေကိုရှာ၍ တရားစီရင်တော်မူသောအရှင်တစ်ပါးရှိ၏။
51. သင်တို့အား ငါအမှန်အကန်ဆိုမည်။ မည်သူမဆို ငါ့စကားကိုလိုက်နာစောင့်ထိန်းလျှင် ကာလအစဉ်အဆက် မည်သည့်အခါမျှ သေခြင်းနှင့်မတွေ့မကြုံရ”ဟု မိန့်တော်မူ၏။
52. ထိုအခါ ဂျူးလူမျိုးတို့က “သင့်ကိုနတ်ဆိုးပူးနေကြောင်း ယခု အကျွန်ုပ်တို့သိကြပြီ။ အာဗြဟံသည် သေလွန်ခဲ့ပြီး ပရောဖက်တို့လည်း သေလွန်ကြပြီ။ သင်မူကား ‘မည်သူမဆို ငါ့စကားကိုလိုက်နာစောင့်ထိန်းလျှင် ကာလအစဉ်အဆက် မည်သည့်အခါမျှ သေခြင်းကိုမမြည်းစမ်းရ’ဟု ဆိုပါသည်တကား။
53. သင်သည် အကျွန်ုပ်တို့၏အဖအာဗြဟံထက် ကြီးမြတ်သလော။ သူသည် သေလွန်ခဲ့ပြီး ပရောဖက်တို့လည်း သေလွန်ကြပြီ။ သင့်ကိုယ်သင် မည်သူဖြစ်သည်ဟု ထင်မှတ်သနည်း”ဟု ဆိုကြ၏။
54. ယေရှုကလည်း “ငါသည် ကိုယ့်ဘုန်းကိုကိုယ်ထင်ရှားစေလျှင် ငါ့ဘုန်းသည် အချည်းနှီးဖြစ်၏။ ငါ့ဘုန်းကိုထင်ရှားစေတော်မူသောအရှင်ကား ငါ့ခမည်းတော်ဖြစ်၏။ သင်တို့သည် ထိုအရှင်ကို ‘အကျွန်ုပ်တို့၏ဘုရားသခင်ဖြစ်သည်’ဟု ဆိုကြသော်လည်း
55. သူ့ကိုမသိကြ။ ငါမူကား သိ၏။ ထိုအရှင်ကို ငါမသိဟုဆိုလျှင် ငါသည် သင်တို့ကဲ့သို့လိမ်လည်သောသူဖြစ်လိမ့်မည်။ သို့ရာတွင် ငါသည် ထိုအရှင်ကိုသိ၍ သူ၏စကားကိုလိုက်နာစောင့်ထိန်း၏။
56. သင်တို့အဖအာဗြဟံသည် ငါ၏နေ့ရက်ကိုတွေ့မြင်ရမည်ဖြစ်၍ ရွှင်မြူးလျက် တွေ့မြင်ရသောအခါ ဝမ်းမြောက်လေ၏”ဟု မိန့်တော်မူ၏။
57. ဂျူးလူမျိုးတို့ကလည်း “သင်သည် အသက်ငါးဆယ်ပင်မရှိသေးဘဲ အာဗြဟံကိုမြင်ဖူးသလော”ဟု ဆိုကြ၏။