Myanmar Standard Bible

ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 8:42-55 Myanmar Standard Bible (MSB)

42. ယေ​ရှု​က “ငါ​သည် ဘု​ရား​သ​ခင်​ထံ​မှ​ကြွ​လာ​ပြီး ယ​ခု​ရောက်​ရှိ​နေ​ပြီ​ဖြစ်​၍ ဘု​ရား​သ​ခင်​သည် သင်​တို့​၏​အ​ဖ​ဖြစ်​လျှင် သင်​တို့​သည် ငါ့​ကို​ချစ်​ခဲ့​ကြ​ပေ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား ငါ​သည် ကိုယ့်​ဆန္ဒ​အ​လျောက်​လာ​သည်​မ​ဟုတ်။ ဘု​ရား​သ​ခင်​သည် ငါ့​ကို​စေ​လွှတ်​တော်​မူ​၏။

43. သင်​တို့​သည် ငါ​ပြော​ဆို​သော​စ​ကား​ကို အ​ဘယ်​ကြောင့်​နား​မ​လည်​ကြ​သ​နည်း။ ငါ​၏​တ​ရား​စ​ကား​ကို သင်​တို့​နာ​ယူ​နိုင်​စွမ်း​မ​ရှိ​သော​ကြောင့်​ဖြစ်​၏။

44. သင်​တို့​သည် သင်​တို့​၏​အ​ဖ​မာရ်​နတ်​နှင့်​စပ်​ဆိုင်​ကြ​ပြီး သင်​တို့​အ​ဖ​၏​ဆန္ဒ​အ​တိုင်း​ပြု​လို​ကြ​၏။ မာရ်​နတ်​သည် အ​စ​အ​ဦး​က​ပင် လူ​သတ်​သ​မား​ဖြစ်​၏။ သူ​၌​သမ္မာ​တ​ရား​မ​ရှိ​သော​ကြောင့် သမ္မာ​တ​ရား​၌​မ​ရပ်​တည်။ သူ​သည် လိမ်​လည်​သော​သူ​ဖြစ်​ပြီး လိမ်​လည်​ခြင်း​၏​အ​ဖ​လည်း​ဖြစ်​သော​ကြောင့် လိမ်​လည်​ပြော​ဆို​သော​အ​ခါ မိ​မိ​ပင်​ကို​အ​တိုင်း​ပြော​ဆို​၏။

45. ငါ​မူ​ကား သမ္မာ​တ​ရား​ကို​ပြော​ဆို​သော​ကြောင့် သင်​တို့​သည် ငါ့​ကို​မ​ယုံ​ကြည်​ကြ။

46. သင်​တို့​တွင် မည်​သူ​သည် ငါ​၌​အ​ပြစ်​ရှိ​ကြောင်း ဖော်​ပြ​နိုင်​သ​နည်း။ သမ္မာ​တ​ရား​ကို ငါ​ပြော​ဆို​သည်​မှန်​လျှင် အ​ဘယ်​ကြောင့် သင်​တို့​သည် ငါ့​ကို​မ​ယုံ​ကြည်​ကြ​သ​နည်း။

47. ဘု​ရား​သ​ခင်​နှင့်​စပ်​ဆိုင်​သော​သူ​သည် ဘု​ရား​သ​ခင်​၏​စ​ကား​တော်​တို့​ကို​နား​ထောင်​၏။ သင်​တို့​နား​မ​ထောင်​ကြ​ခြင်း​မှာ သင်​တို့​သည် ဘု​ရား​သ​ခင်​နှင့်​မ​စပ်​ဆိုင်​ကြ​သော​ကြောင့်​ဖြစ်​၏”​ဟု မိန့်​တော်​မူ​၏။

48. ဂျူး​လူ​မျိုး​တို့​က​လည်း “သင်​သည် ရှ​မာ​ရိ​နယ်​သား​ဖြစ်​ပြီး သင့်​ကို​နတ်​ဆိုး​ပူး​နေ​သည်​ဟူ​၍ ငါ​တို့​ပြော​ကြ​သည်​မှာ လျောက်​ပတ်​သည်​မ​ဟုတ်​လော”​ဟု ပြန်​ပြော​ကြ​၏။

49. ယေ​ရှု​က “ငါ့​ကို​နတ်​ဆိုး​ပူး​နေ​သည်​မ​ဟုတ်။ ငါ​သည် ငါ့​ခ​မည်း​တော်​ကို​ရို​သေ​၏။ သင်​တို့​မူ​ကား ငါ့​ကို​မ​ထီ​လေး​စား​ပြု​ကြ​၏။

50. သို့​ရာ​တွင် ငါ​သည် ကိုယ့်​ဘုန်း​အ​သ​ရေ​ကို​ရှာ​သည်​မ​ဟုတ်။ ငါ​၏​ဘုန်း​အ​သ​ရေ​ကို​ရှာ​၍ တ​ရား​စီ​ရင်​တော်​မူ​သော​အ​ရှင်​တစ်​ပါး​ရှိ​၏။

51. သင်​တို့​အား ငါ​အ​မှန်​အ​ကန်​ဆို​မည်။ မည်​သူ​မ​ဆို ငါ့​စ​ကား​ကို​လိုက်​နာ​စောင့်​ထိန်း​လျှင် ကာ​လ​အ​စဉ်​အ​ဆက် မည်​သည့်​အ​ခါ​မျှ သေ​ခြင်း​နှင့်​မ​တွေ့​မ​ကြုံ​ရ”​ဟု မိန့်​တော်​မူ​၏။

52. ထို​အ​ခါ ဂျူး​လူ​မျိုး​တို့​က “သင့်​ကို​နတ်​ဆိုး​ပူး​နေ​ကြောင်း ယ​ခု အ​ကျွန်ုပ်​တို့​သိ​ကြ​ပြီ။ အာ​ဗြ​ဟံ​သည် သေ​လွန်​ခဲ့​ပြီး ပ​ရော​ဖက်​တို့​လည်း သေ​လွန်​ကြ​ပြီ။ သင်​မူ​ကား ‘မည်​သူ​မ​ဆို ငါ့​စ​ကား​ကို​လိုက်​နာ​စောင့်​ထိန်း​လျှင် ကာ​လ​အ​စဉ်​အ​ဆက် မည်​သည့်​အ​ခါ​မျှ သေ​ခြင်း​ကို​မ​မြည်း​စမ်း​ရ’​ဟု ဆို​ပါ​သည်​တ​ကား။

53. သင်​သည် အ​ကျွန်ုပ်​တို့​၏​အ​ဖ​အာ​ဗြ​ဟံ​ထက် ကြီး​မြတ်​သ​လော။ သူ​သည် သေ​လွန်​ခဲ့​ပြီး ပ​ရော​ဖက်​တို့​လည်း သေ​လွန်​ကြ​ပြီ။ သင့်​ကိုယ်​သင် မည်​သူ​ဖြစ်​သည်​ဟု ထင်​မှတ်​သ​နည်း”​ဟု ဆို​ကြ​၏။

54. ယေ​ရှု​က​လည်း “ငါ​သည် ကိုယ့်​ဘုန်း​ကို​ကိုယ်​ထင်​ရှား​စေ​လျှင် ငါ့​ဘုန်း​သည် အ​ချည်း​နှီး​ဖြစ်​၏။ ငါ့​ဘုန်း​ကို​ထင်​ရှား​စေ​တော်​မူ​သော​အ​ရှင်​ကား ငါ့​ခ​မည်း​တော်​ဖြစ်​၏။ သင်​တို့​သည် ထို​အ​ရှင်​ကို ‘အ​ကျွန်ုပ်​တို့​၏​ဘု​ရား​သ​ခင်​ဖြစ်​သည်’​ဟု ဆို​ကြ​သော်​လည်း

55. သူ့​ကို​မ​သိ​ကြ။ ငါ​မူ​ကား သိ​၏။ ထို​အ​ရှင်​ကို ငါ​မ​သိ​ဟု​ဆို​လျှင် ငါ​သည် သင်​တို့​ကဲ့​သို့​လိမ်​လည်​သော​သူ​ဖြစ်​လိမ့်​မည်။ သို့​ရာ​တွင် ငါ​သည် ထို​အ​ရှင်​ကို​သိ​၍ သူ​၏​စ​ကား​ကို​လိုက်​နာ​စောင့်​ထိန်း​၏။