Myanmar Standard Bible

ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 8:32-43 Myanmar Standard Bible (MSB)

32. သမ္မာ​တ​ရား​ကို​သိ​ကြ​သ​ဖြင့် သမ္မာ​တ​ရား​သည် သင်​တို့​ကို လွတ်​မြောက်​စေ​လိမ့်​မည်”​ဟု မိန့်​တော်​မူ​၏။

33. သူ​တို့​က​လည်း “အ​ကျွန်ုပ်​တို့​သည် အာ​ဗြ​ဟံ​၏​အ​မျိုး​အ​နွယ်​ဖြစ်​ကြ​ပြီး မည်​သူ့​ထံ​၌​မျှ ကျွန်​မ​ခံ​ခဲ့​ဖူး​ပါ။ သင်​သည် အ​ဘယ်​ကြောင့် ‘သင်​တို့​လွတ်​မြောက်​ကြ​လိမ့်​မည်’​ဟု ဆို​ရ​သ​နည်း”​ဟူ​၍​ပြန်​ပြော​ကြ​၏။

34. ယေ​ရှု​က “သင်​တို့​အား ငါ​အ​မှန်​အ​ကန်​ဆို​မည်။ အ​ပြစ်​ပြု​သူ​တိုင်း​သည် အ​ပြစ်​၏​ကျွန်​ဖြစ်​၏။

35. ကျွန်​သည် အိမ်​၌​ထာ​ဝ​စဉ်​နေ​ထိုင်​သည်​မ​ဟုတ်။ သား​မူ​ကား ထာ​ဝ​စဉ်​နေ​ထိုင်​၏။

36. ထို့​ကြောင့် သား​တော်​သည် သင်​တို့​ကို​လွတ်​မြောက်​စေ​လျှင် သင်​တို့​သည် ဧ​ကန်​အ​မှန်​လွတ်​မြောက်​ကြ​လိမ့်​မည်။

37. သင်​တို့​သည် အာ​ဗြ​ဟံ​၏​အ​မျိုး​အ​နွယ်​ဖြစ်​ကြောင်း​ကို ငါ​သိ​၏။ သို့​ရာ​တွင် ငါ​၏​တ​ရား​စ​ကား​သည် သင်​တို့​ထဲ​၌​နေ​ရာ​မ​ရ​သော​ကြောင့် သင်​တို့​သည် ငါ့​ကို​သတ်​ရန် ရှာ​ကြံ​နေ​ကြ​၏။

38. ငါ​သည် ခ​မည်း​တော်​ထံ​၌​မြင်​ရ​သော​အ​ရာ​များ​ကို ဟော​ပြော​၏။ သင်​တို့​မူ​ကား သင်​တို့​၏​အ​ဖ​ထံ​မှ​ကြား​ခဲ့​ရ​သော​အ​ရာ​များ​ကို ပြု​ကြ​၏”​ဟု မိန့်​တော်​မူ​လျှင်

39. ထို​သူ​တို့​က “အ​ကျွန်ုပ်​တို့​၏​အ​ဖ​သည် အာ​ဗြ​ဟံ​ဖြစ်​သည်”​ဟု ဆို​ကြ​၏။ ယေ​ရှု​က​လည်း “သင်​တို့​သည် အာ​ဗြ​ဟံ​၏​သား​သ​မီး​များ​ဖြစ်​ကြ​သည်​မှန်​လျှင် အာ​ဗြ​ဟံ​ပြု​သော​အ​မှု​များ​ကို ပြု​ကြ​လိမ့်​မည်။

40. သို့​သော် ယ​ခု​တွင် ဘု​ရား​သ​ခင်​ထံ​မှ​ကြား​ရ​သည့်​သမ္မာ​တ​ရား​ကို သင်​တို့​အား​ဟော​ပြော​ခဲ့​သူ​ငါ့​ကို သတ်​ရန် သင်​တို့​ရှာ​ကြံ​နေ​ကြ​၏။ အာ​ဗြ​ဟံ​ကား ဤ​သို့​ပြု​ခဲ့​သည်​မ​ဟုတ်။

41. သင်​တို့​သည် သင်​တို့​အ​ဖ​ပြု​သော​အ​မှု​များ​ကို ပြု​ကြ​၏”​ဟု မိန့်​တော်​မူ​လျှင် ထို​သူ​တို့​က “အ​ကျွန်ုပ်​တို့​သည် တ​ရား​နှင့်​မ​ညီ​မေ​ထုန်​ပြု​ခြင်း​အား​ဖြင့် မွေး​လာ​သော​သူ​များ​မ​ဟုတ်။ အ​ကျွန်ုပ်​တို့​၌ တစ်​ပါး​တည်း​သော​အ​ဖ​ဘု​ရား​သ​ခင်​ရှိ​သည်”​ဟု ဆို​ကြ​၏။

42. ယေ​ရှု​က “ငါ​သည် ဘု​ရား​သ​ခင်​ထံ​မှ​ကြွ​လာ​ပြီး ယ​ခု​ရောက်​ရှိ​နေ​ပြီ​ဖြစ်​၍ ဘု​ရား​သ​ခင်​သည် သင်​တို့​၏​အ​ဖ​ဖြစ်​လျှင် သင်​တို့​သည် ငါ့​ကို​ချစ်​ခဲ့​ကြ​ပေ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား ငါ​သည် ကိုယ့်​ဆန္ဒ​အ​လျောက်​လာ​သည်​မ​ဟုတ်။ ဘု​ရား​သ​ခင်​သည် ငါ့​ကို​စေ​လွှတ်​တော်​မူ​၏။

43. သင်​တို့​သည် ငါ​ပြော​ဆို​သော​စ​ကား​ကို အ​ဘယ်​ကြောင့်​နား​မ​လည်​ကြ​သ​နည်း။ ငါ​၏​တ​ရား​စ​ကား​ကို သင်​တို့​နာ​ယူ​နိုင်​စွမ်း​မ​ရှိ​သော​ကြောင့်​ဖြစ်​၏။