24. ထို့ကြောင့် သင်တို့သည် မိမိတို့အပြစ်များ၌သေကြလိမ့်မည်ဟု ငါဆိုခဲ့၏။ အကြောင်းမူကား ငါသည် ထိုအရှင်ဖြစ်ကြောင်းကို သင်တို့မယုံကြည်လျှင် သင်တို့သည် မိမိတို့အပြစ်များ၌ သေကြလိမ့်မည်”ဟု မိန့်တော်မူ၏။
25. ထိုသူတို့ကလည်း “သင်သည် မည်သူဖြစ်သနည်း”ဟု မေးကြလျှင် ယေရှုက “ငါမည်သူဖြစ်သည်ကို အစအဦးကပင် သင်တို့အား ငါပြောလာခဲ့၏။
26. သင်တို့နှင့်ပတ်သက်၍ ငါပြောစရာ၊ စီရင်စရာများစွာရှိ၏။ သို့သော် ငါ့ကိုစေလွှတ်တော်မူသောအရှင်သည် ဖြောင့်မှန်တော်မူသည်ဖြစ်၍ ငါသည် သူ့ထံမှကြားခဲ့သမျှသောအရာတို့ကို ဤလောက၌ ဟောပြော၏”ဟု မိန့်တော်မူ၏။
27. ကိုယ်တော်သည် ခမည်းတော်ကိုရည်ညွှန်း၍ မြွက်ဆိုလျက်နေကြောင်းကို ထိုသူတို့သဘောမပေါက်ကြ။
28. သို့ဖြစ်၍ ယေရှုက “သင်တို့သည် လူ့သားကိုမြှောက်ထားကြသောအခါမှ ငါသည် ထိုအရှင်ဖြစ်ကြောင်းကိုလည်းကောင်း၊ ငါသည် ကိုယ့်ဆန္ဒအလျောက် မည်သည့်အရာကိုမျှမပြုဘဲ ငါ့အား ခမည်းတော်သွန်သင်တော်မူခဲ့သည့်အတိုင်း ဤအရာများကို ငါဟောပြောကြောင်းကိုလည်းကောင်း သိကြလိမ့်မည်။
29. ငါ့ကိုစေလွှတ်တော်မူသောအရှင်သည် ငါနှင့်အတူရှိ၍ ငါသည် ထိုအရှင်နှစ်သက်တော်မူသောအမှုအရာတို့ကို အစဉ်ပြုနေသောကြောင့် သူသည် ငါ့ကို တစ်ကိုယ်တည်းပစ်ထားတော်မမူ”ဟု မိန့်တော်မူ၏။
30. ဤစကားတော်တို့ကိုမိန့်တော်မူစဉ် များစွာသောလူတို့သည် ကိုယ်တော်ကိုယုံကြည်ကြ၏။
31. ထို့ကြောင့် ယေရှုသည် မိမိကိုယုံကြည်သော ဂျူးလူမျိုးတို့အား “သင်တို့သည် ငါ၏တရားစကား၌တည်လျှင် ငါ့တပည့်အမှန်ဖြစ်ကြပြီး
32. သမ္မာတရားကိုသိကြသဖြင့် သမ္မာတရားသည် သင်တို့ကို လွတ်မြောက်စေလိမ့်မည်”ဟု မိန့်တော်မူ၏။
33. သူတို့ကလည်း “အကျွန်ုပ်တို့သည် အာဗြဟံ၏အမျိုးအနွယ်ဖြစ်ကြပြီး မည်သူ့ထံ၌မျှ ကျွန်မခံခဲ့ဖူးပါ။ သင်သည် အဘယ်ကြောင့် ‘သင်တို့လွတ်မြောက်ကြလိမ့်မည်’ဟု ဆိုရသနည်း”ဟူ၍ပြန်ပြောကြ၏။
34. ယေရှုက “သင်တို့အား ငါအမှန်အကန်ဆိုမည်။ အပြစ်ပြုသူတိုင်းသည် အပြစ်၏ကျွန်ဖြစ်၏။
35. ကျွန်သည် အိမ်၌ထာဝစဉ်နေထိုင်သည်မဟုတ်။ သားမူကား ထာဝစဉ်နေထိုင်၏။
36. ထို့ကြောင့် သားတော်သည် သင်တို့ကိုလွတ်မြောက်စေလျှင် သင်တို့သည် ဧကန်အမှန်လွတ်မြောက်ကြလိမ့်မည်။
37. သင်တို့သည် အာဗြဟံ၏အမျိုးအနွယ်ဖြစ်ကြောင်းကို ငါသိ၏။ သို့ရာတွင် ငါ၏တရားစကားသည် သင်တို့ထဲ၌နေရာမရသောကြောင့် သင်တို့သည် ငါ့ကိုသတ်ရန် ရှာကြံနေကြ၏။
38. ငါသည် ခမည်းတော်ထံ၌မြင်ရသောအရာများကို ဟောပြော၏။ သင်တို့မူကား သင်တို့၏အဖထံမှကြားခဲ့ရသောအရာများကို ပြုကြ၏”ဟု မိန့်တော်မူလျှင်