Myanmar Standard Bible

ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 8:19-35 Myanmar Standard Bible (MSB)

19. ထို​သူ​တို့​က​လည်း “သင်​၏​ခ​မည်း​တော်​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း”​ဟု မေး​ကြ​သော် ယေ​ရှု​က “သင်​တို့​သည် ငါ့​ကို​လည်း​ကောင်း၊ ငါ့​ခ​မည်း​တော်​ကို​လည်း​ကောင်း မ​သိ​ကြ။ သင်​တို့​သည် ငါ့​ကို​သိ​ခဲ့​လျှင် ငါ့​ခ​မည်း​တော်​ကို​လည်း သိ​ခဲ့​ကြ​ပေ​လိမ့်​မည်”​ဟု မိန့်​တော်​မူ​၏။

20. ကိုယ်​တော်​သည် ဗိ​မာန်​တော်​၌​သွန်​သင်​တော်​မူ​စဉ် ဤ​စ​ကား​တို့​ကို အ​လှူ​ခံ​သေတ္တာ​အ​နီး​တွင် မိန့်​တော်​မူ​၏။ သို့​ရာ​တွင် ကိုယ်​တော်​၏​အ​ချိန်​မ​ရောက်​သေး​သော​ကြောင့် မည်​သူ​မျှ ကိုယ်​တော်​ကို​မ​ဖမ်း​ဆီး​ကြ​ချေ။

21. တစ်​ဖန် ကိုယ်​တော်​က “ငါ​သည်​သွား​ရ​တော့​မည်။ သင်​တို့​ကား ငါ့​ကို​ရှာ​လျက် ကိုယ့်​အ​ပြစ်​၌​သေ​ကြ​လိမ့်​မည်။ ငါ​သွား​ရာ​အ​ရပ်​သို့ သင်​တို့​မ​လာ​နိုင်​ကြ”​ဟု မိန့်​တော်​မူ​၏။

22. ထို​အ​ခါ ဂျူး​လူ​မျိုး​တို့​က “သူ​သည် ‘ငါ​သွား​ရာ​အ​ရပ်​သို့ သင်​တို့​မ​လာ​နိုင်​ကြ’​ဟု​ဆို​ခြင်း​မှာ သူ့​ကိုယ်​သူ သတ်​သေ​လိမ့်​မည်​လော”​ဟု ပြော​ဆို​ကြ​၏။

23. ယေ​ရှု​က​လည်း “သင်​တို့​သည် အောက်​အ​ရပ်​နှင့်​ဆိုင်​၏။ ငါ​မူ​ကား အ​ထက်​အ​ရပ်​နှင့်​ဆိုင်​၏။ သင်​တို့​သည် ဤ​လော​က​နှင့်​ဆိုင်​၏။ ငါ​မူ​ကား ဤ​လော​က​နှင့်​မ​ဆိုင်။

24. ထို့​ကြောင့် သင်​တို့​သည် မိ​မိ​တို့​အ​ပြစ်​များ​၌​သေ​ကြ​လိမ့်​မည်​ဟု ငါ​ဆို​ခဲ့​၏။ အ​ကြောင်း​မူ​ကား ငါ​သည် ထို​အ​ရှင်​ဖြစ်​ကြောင်း​ကို သင်​တို့​မ​ယုံ​ကြည်​လျှင် သင်​တို့​သည် မိ​မိ​တို့​အ​ပြစ်​များ​၌ သေ​ကြ​လိမ့်​မည်”​ဟု မိန့်​တော်​မူ​၏။

25. ထို​သူ​တို့​က​လည်း “သင်​သည် မည်​သူ​ဖြစ်​သ​နည်း”​ဟု မေး​ကြ​လျှင် ယေ​ရှု​က “ငါ​မည်​သူ​ဖြစ်​သည်​ကို အ​စ​အ​ဦး​က​ပင် သင်​တို့​အား ငါ​ပြော​လာ​ခဲ့​၏။

26. သင်​တို့​နှင့်​ပတ်​သက်​၍ ငါ​ပြော​စ​ရာ၊ စီ​ရင်​စ​ရာ​များ​စွာ​ရှိ​၏။ သို့​သော် ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​အ​ရှင်​သည် ဖြောင့်​မှန်​တော်​မူ​သည်​ဖြစ်​၍ ငါ​သည် သူ့​ထံ​မှ​ကြား​ခဲ့​သ​မျှ​သော​အ​ရာ​တို့​ကို ဤ​လော​က​၌ ဟော​ပြော​၏”​ဟု မိန့်​တော်​မူ​၏။

27. ကိုယ်​တော်​သည် ခ​မည်း​တော်​ကို​ရည်​ညွှန်း​၍ မြွက်​ဆို​လျက်​နေ​ကြောင်း​ကို ထို​သူ​တို့​သ​ဘော​မ​ပေါက်​ကြ။

28. သို့​ဖြစ်​၍ ယေ​ရှု​က “သင်​တို့​သည် လူ့​သား​ကို​မြှောက်​ထား​ကြ​သော​အ​ခါ​မှ ငါ​သည် ထို​အ​ရှင်​ဖြစ်​ကြောင်း​ကို​လည်း​ကောင်း၊ ငါ​သည် ကိုယ့်​ဆန္ဒ​အ​လျောက် မည်​သည့်​အ​ရာ​ကို​မျှ​မ​ပြု​ဘဲ ငါ့​အား ခ​မည်း​တော်​သွန်​သင်​တော်​မူ​ခဲ့​သည့်​အ​တိုင်း ဤ​အ​ရာ​များ​ကို ငါ​ဟော​ပြော​ကြောင်း​ကို​လည်း​ကောင်း သိ​ကြ​လိမ့်​မည်။

29. ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​အ​ရှင်​သည် ငါ​နှင့်​အ​တူ​ရှိ​၍ ငါ​သည် ထို​အ​ရှင်​နှစ်​သက်​တော်​မူ​သော​အ​မှု​အ​ရာ​တို့​ကို အ​စဉ်​ပြု​နေ​သော​ကြောင့် သူ​သည် ငါ့​ကို တစ်​ကိုယ်​တည်း​ပစ်​ထား​တော်​မ​မူ”​ဟု မိန့်​တော်​မူ​၏။

30. ဤ​စ​ကား​တော်​တို့​ကို​မိန့်​တော်​မူ​စဉ် များ​စွာ​သော​လူ​တို့​သည် ကိုယ်​တော်​ကို​ယုံ​ကြည်​ကြ​၏။

31. ထို့​ကြောင့် ယေ​ရှု​သည် မိ​မိ​ကို​ယုံ​ကြည်​သော ဂျူး​လူ​မျိုး​တို့​အား “သင်​တို့​သည် ငါ​၏​တ​ရား​စ​ကား​၌​တည်​လျှင် ငါ့​တ​ပည့်​အ​မှန်​ဖြစ်​ကြ​ပြီး

32. သမ္မာ​တ​ရား​ကို​သိ​ကြ​သ​ဖြင့် သမ္မာ​တ​ရား​သည် သင်​တို့​ကို လွတ်​မြောက်​စေ​လိမ့်​မည်”​ဟု မိန့်​တော်​မူ​၏။

33. သူ​တို့​က​လည်း “အ​ကျွန်ုပ်​တို့​သည် အာ​ဗြ​ဟံ​၏​အ​မျိုး​အ​နွယ်​ဖြစ်​ကြ​ပြီး မည်​သူ့​ထံ​၌​မျှ ကျွန်​မ​ခံ​ခဲ့​ဖူး​ပါ။ သင်​သည် အ​ဘယ်​ကြောင့် ‘သင်​တို့​လွတ်​မြောက်​ကြ​လိမ့်​မည်’​ဟု ဆို​ရ​သ​နည်း”​ဟူ​၍​ပြန်​ပြော​ကြ​၏။

34. ယေ​ရှု​က “သင်​တို့​အား ငါ​အ​မှန်​အ​ကန်​ဆို​မည်။ အ​ပြစ်​ပြု​သူ​တိုင်း​သည် အ​ပြစ်​၏​ကျွန်​ဖြစ်​၏။

35. ကျွန်​သည် အိမ်​၌​ထာ​ဝ​စဉ်​နေ​ထိုင်​သည်​မ​ဟုတ်။ သား​မူ​ကား ထာ​ဝ​စဉ်​နေ​ထိုင်​၏။