18. ငါသည် ကိုယ့်အကြောင်းကိုသက်သေခံသောသူဖြစ်၏။ ငါ့ကိုစေလွှတ်တော်မူသောခမည်းတော်သည်လည်း ငါ့အကြောင်းကို သက်သေခံတော်မူ၏”ဟု ပြန်၍မိန့်တော်မူ၏။
19. ထိုသူတို့ကလည်း “သင်၏ခမည်းတော်သည် အဘယ်မှာရှိသနည်း”ဟု မေးကြသော် ယေရှုက “သင်တို့သည် ငါ့ကိုလည်းကောင်း၊ ငါ့ခမည်းတော်ကိုလည်းကောင်း မသိကြ။ သင်တို့သည် ငါ့ကိုသိခဲ့လျှင် ငါ့ခမည်းတော်ကိုလည်း သိခဲ့ကြပေလိမ့်မည်”ဟု မိန့်တော်မူ၏။
20. ကိုယ်တော်သည် ဗိမာန်တော်၌သွန်သင်တော်မူစဉ် ဤစကားတို့ကို အလှူခံသေတ္တာအနီးတွင် မိန့်တော်မူ၏။ သို့ရာတွင် ကိုယ်တော်၏အချိန်မရောက်သေးသောကြောင့် မည်သူမျှ ကိုယ်တော်ကိုမဖမ်းဆီးကြချေ။
21. တစ်ဖန် ကိုယ်တော်က “ငါသည်သွားရတော့မည်။ သင်တို့ကား ငါ့ကိုရှာလျက် ကိုယ့်အပြစ်၌သေကြလိမ့်မည်။ ငါသွားရာအရပ်သို့ သင်တို့မလာနိုင်ကြ”ဟု မိန့်တော်မူ၏။
22. ထိုအခါ ဂျူးလူမျိုးတို့က “သူသည် ‘ငါသွားရာအရပ်သို့ သင်တို့မလာနိုင်ကြ’ဟုဆိုခြင်းမှာ သူ့ကိုယ်သူ သတ်သေလိမ့်မည်လော”ဟု ပြောဆိုကြ၏။
23. ယေရှုကလည်း “သင်တို့သည် အောက်အရပ်နှင့်ဆိုင်၏။ ငါမူကား အထက်အရပ်နှင့်ဆိုင်၏။ သင်တို့သည် ဤလောကနှင့်ဆိုင်၏။ ငါမူကား ဤလောကနှင့်မဆိုင်။
24. ထို့ကြောင့် သင်တို့သည် မိမိတို့အပြစ်များ၌သေကြလိမ့်မည်ဟု ငါဆိုခဲ့၏။ အကြောင်းမူကား ငါသည် ထိုအရှင်ဖြစ်ကြောင်းကို သင်တို့မယုံကြည်လျှင် သင်တို့သည် မိမိတို့အပြစ်များ၌ သေကြလိမ့်မည်”ဟု မိန့်တော်မူ၏။
25. ထိုသူတို့ကလည်း “သင်သည် မည်သူဖြစ်သနည်း”ဟု မေးကြလျှင် ယေရှုက “ငါမည်သူဖြစ်သည်ကို အစအဦးကပင် သင်တို့အား ငါပြောလာခဲ့၏။