Myanmar Standard Bible

ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 6:58-71 Myanmar Standard Bible (MSB)

58. ဤ​မုန့်​ကား ကောင်း​ကင်​မှ​ဆင်း​သက်​သော​မုန့်​ဖြစ်​၏။ သင်​တို့​ဘိုး​ဘေး​များ​စား​ပြီး သေ​ဆုံး​သွား​ရ​သည့်​မုန့်​မျိုး​မ​ဟုတ်။ ဤ​မုန့်​ကို​စား​သော​သူ​သည် ကာ​လ​အ​စဉ်​အ​ဆက်​အ​သက်​ရှင်​မည်”​ဟု မိန့်​တော်​မူ​၏။

59. ကိုယ်​တော်​သည် က​ပေ​ရ​နောင်​မြို့​၌ သွန်​သင်​တော်​မူ​စဉ် ဤ​အ​ကြောင်း​အ​ရာ​များ​ကို ဝတ်​ပြု​စည်း​ဝေး​ကျောင်း​တွင် မိန့်​တော်​မူ​၏။

60. တ​ပည့်​တော်​တို့​ထဲ​မှ​အ​များ​စု​သည် ကြား​လျှင် “ဤ​စ​ကား​သည် ပြင်း​ထန်​လှ​၏။ မည်​သူ​နား​ထောင်​နိုင်​မည်​နည်း”​ဟု ဆို​ကြ​၏။

61. ဤ​အ​ကြောင်း​အ​ရာ​နှင့်​ပတ်​သက်​၍ တ​ပည့်​တော်​တို့​မ​ကျေ​မ​နပ်​ပြော​ဆို​နေ​ကြ​သည်​ကို ယေ​ရှု​သည် အ​လို​အ​လျောက်​သိ​တော်​မူ​သ​ဖြင့် “ဤ​စ​ကား​ကြောင့် သင်​တို့​စိတ်​ပျက်​ကြ​သ​လော။

62. သို့​ဖြစ်​လျှင် လူ့​သား​သည် ယ​ခင်​နေ​ခဲ့​ရာ​အ​ရပ်​သို့​တက်​သွား​သည်​ကို သင်​တို့​မြင်​ရ​ပါ​မူ မည်​သို့​ဖြစ်​မည်​နည်း။

63. ဝိ​ညာဉ်​တော်​က​သာ အ​သက်​ရှင်​စေ​၏။ ကိုယ်​ကာ​ယ​သည် မည်​သည့်​အ​ကျိုး​ကို​မျှ​မ​ပေး။ ငါ​ဟော​ပြော​သော​စ​ကား​တို့​သည် ဝိ​ညာဉ်​ဖြစ်​ပြီး အ​သက်​လည်း​ဖြစ်​၏။

64. သို့​သော် သင်​တို့​တွင် မ​ယုံ​ကြည်​သော​သူ​အ​ချို့​ရှိ​၏”​ဟု မိန့်​တော်​မူ​၏။ ထို​သို့​မိန့်​တော်​မူ​သည့်​အ​ကြောင်း​ကား မ​ယုံ​ကြည်​သော​သူ​တို့​သည် မည်​သူ​တို့​ဖြစ်​ကြ​သည်​ကို​လည်း​ကောင်း၊ မိ​မိ​ကို​အပ်​နှံ​မည့်​သူ​သည် မည်​သူ​ဖြစ်​သည်​ကို​လည်း​ကောင်း ယေ​ရှု​သည် အ​စ​အ​ဦး​က​ပင် သိ​ထား​တော်​မူ​သော​ကြောင့်​ဖြစ်​၏။

65. ထို့​နောက် ကိုယ်​တော်​က “ဤ​အ​ကြောင်း​ကြောင့် ခ​မည်း​တော်​သည် အ​ခွင့်​ပေး​တော်​မ​မူ​လျှင် မည်​သူ​မျှ ငါ့​ထံ​သို့​မ​လာ​နိုင်​ဟု သင်​တို့​အား ငါ​ပြော​ခဲ့​ပြီ”​ဟူ​၍ မိန့်​တော်​မူ​၏။

66. ထို​အ​ချိန်​မှ​စ​၍ တ​ပည့်​တော်​တို့​ထဲ​မှ​အ​များ​စု​သည် ဆုတ်​ခွာ​သွား​ပြီး ကိုယ်​တော်​နှင့်​အ​တူ​မ​လိုက်​မ​ပါ​တော့​ဘဲ​နေ​ကြ​၏။

67. ထို​အ​ခါ ယေ​ရှု​သည် တစ်​ဆယ့်​နှစ်​ပါး​သော​တ​ပည့်​တော်​တို့​အား “သင်​တို့​လည်း ထွက်​ခွာ​သွား​လို​ကြ​သ​လော”​ဟု မေး​တော်​မူ​လျှင်

68. ရှိ​မုန်​ပေ​တ​ရု​က “သ​ခင်​ဘု​ရား၊ အ​ကျွန်ုပ်​တို့​သည် မည်​သူ့​ထံ​သို့​သွား​ရ​မည်​နည်း။ ထာ​ဝ​ရ​အ​သက်​နှင့်​ဆိုင်​သော​စ​ကား​တို့​သည် ကိုယ်​တော်​၌​သာ​ရှိ​ပါ​၏။

69. ကိုယ်​တော်​သည် ဘု​ရား​သ​ခင်​၏​သန့်​ရှင်း​သူ​ဖြစ်​ကြောင်း​ကို​လည်း အ​ကျွန်ုပ်​တို့​ယုံ​ကြည်​သိ​ရှိ​ကြ​ပါ​၏”​ဟု လျှောက်​လေ​၏။

70. ယေ​ရှု​က​လည်း “တစ်​ဆယ့်​နှစ်​ပါး​သော​သင်​တို့​ကို ငါ​ရွေး​ကောက်​သည်​မ​ဟုတ်​လော။ သို့​ဖြစ်​ပါ​လျက်​နှင့် သင်​တို့​ထဲ​မှ​တစ်​ဦး​သည် မာရ်​နတ်​ဖြစ်​၏”​ဟု မိန့်​တော်​မူ​၏။

71. ဤ​သည်​ကား ရှိ​မုန်​၏​သား ယု​ဒ​ဣ​ရှ​ကာ​ရုတ်​ကို​ရည်​ညွှန်း​၍ မိန့်​တော်​မူ​ခြင်း​ဖြစ်​၏။ သူ​သည် တစ်​ဆယ့်​နှစ်​ပါး​သော​တ​ပည့်​တော်​တို့​ထဲ​မှ တစ်​ပါး​ဖြစ်​လျက် ကိုယ်​တော်​ကို​အပ်​နှံ​ရန် ကြံ​ရွယ်​နေ​၏။